ဖရူဆို – ဘောလခဲလမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် စာထုတ်ပြန်ခဲ့ပြီးနောက် စစ်ကြောင်ထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အများအပြား သေဆုံးခဲ့ကြောင်း Karenni Army (KA) က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့က မာခရော်ရှေးကျေးရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးအပါအဝင် အများအပြားသေဆုံးခဲ့ပြီး လက်နက် ၂၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ကရင်နီပြည်နယ် ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးကို စက်တင်ဘာလ ၈ ရက်နေ့မှ စတင်ကာ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း KNDF က အသိပေးစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့နယ်ကို ဆက်သွယ်ထားသော အဆိုပါလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ကြား ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့မှစတင်ကာ တစ်လခန့် တိုက်ပွဲများပြင်းထန်ခဲ့သည်။

ထိုတစ်လတာတိုင်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများအပါအဝင် ၇၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းမြောက်များစွာကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့သည်။

သတင်း – Thu Ta

ဓါတ်ပုံ – KA Battalion No.2

 

သင့်ထင်မြင်ချက်ရေးပေးပါ