စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသောကြောင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနက ယင်းမာပင်ခရိုင်အတွင်း ဖွင့်လှစ်ထားသော စာသင်ကျောင်းများကို ယနေ့မှစ ယာယီပိတ်လိုက်ကြောင်း သိရသည်။

နှစ်ရက်ဆက်တိုက် လေယာဉ်ဝဲပျံနေသဖြင့် စာသင်ကျောင်းထပ်မံပစ်ခတ်ခံရမည့်အန္တရာယ်ရှိသဖြင့် ကျောင်းများကိုယာယီပိတ်ထားခြင်းဖြစ်သည်ဟု ချင်းတွင်းရိုးမမြေပြင်သတင်းထောက်လှမ်းနေသူ ကိုမြတ်ကိုးက The 74 Media ကိုပြောသည်။

“နမခဘက်ကနေတက်လာပြီးတော့ MI 35 နဲ့ လျောက်ဝဲနေတာတွေ့နေရတယ်ဆိုတော့ စိတ်မချတာနဲ့ စာသင်ကျောင်းတွေ ဒီနေ့ကစပြီးတော့ တစ်ပတ်ပိတ်ထားတယ်။ အဲ့ကောင်တွေက ယမ်းဘီလူးတွေ ဆိုတဲ့အခါကြတော့ ကလေးတွေ စာသင်နေတာကိုလည်း ပစ်ချင်ပစ်မှာလေ” ဟုပြောသည်။

ကျောင်းပိတ်ရက်ကို တစ်ပါတ်ဟု သတ်မှတ်ထားသော်လည်း အခြေအနေပေါ်မူတည်ကာ ကျောင်းဖွင့်ရက်ကို ပြန်လည်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် သူငယ်တန်းမှနဝမတန်းအထိ စာမေးပွဲပြီးစီးထားပြီးဖြစ်သော်လည်း ဒသမတန်း စာမေးပွဲဖြေဆိုမည့်အချိန်ကို ရွှေ့ဆိုင်းထားရကြောင်း ဆားလင်းကြီးမြို့နယ်တွင် ပညာသင်ကြားပေးနေသော စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

“အခုဖြေရမှာက သူတို့အခေါ်ကတော့ Great 11 ပေါ့။ အဲ့တာရှစ်လပိုင်းဖြေဖို့ အစီအစဉ်ဆွဲထားတာ ဒီဘက်မှာက အခြေအနေနည်းနည်းရှုပ်နေလို့ ရပ်ထားလိုက်တာ။ သင်ခန်းစာကလည်း ပြီးသွားပြီ အကုန်လုံးပြတ်သွားပြီ” ဟုပြောသည်။

စက်တင်ဘာ ၁၀ ရက်နေ့ကလည်း စာသင်ကျောင်းပစ်ခတ်ခံခဲ့ရပြီး တစ်ပါတ်အတွင်း ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်နှင့် ယင်းမားပင်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သိရကြောင်း မျိုးဆက်သစ်လူငယ်မှ တာဝန်ခံက ပြောသည်။

“လောလောဆယ်အနေထားအရ (စစ်ကောင်စီ)တွေက လေကြောင်းကနေတိုက်ခိုက်မယ်ဆိုတော့ ကျောင်းတွင်လည်း ပိတ်ထားရတယ်။ ပြည်သူ့ကာကွယ်ရေးတွေလည်း လုံလုံခြုံခြုံရှိတဲ့နေရာမှာ နေကြတယ်ပေါ့နော်။ ဖရဲသီး (တပ်တွင်းသတင်းပေး) သတင်းအရ သိရတာပေါ့။ အဓိကတော့ စာသင်ကျောင်းနဲ့ လူစုလူဝေးရှိတဲ့နေရာတွေ တိုက်ခိုက်မယ်လို့သတင်းကြားထားတယ်” ဟုပြောသည်။

လက်ရှိ ယင်းမာပင်ခရိုင်အတွင်း စစ်ကောင်စီတပ်က မြေပြင်မှစစ်ကြောင်းထိုးခြင်းမရှိဘဲ လေကြောင်းနှင့် ရေကြောင်းကိုသာသတိထားနေရပြီး ညအချိန်တွင် ဒရုန်းဖြင့် နယ်မြေထောက်လှမ်းမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း တစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် လူအထိအခိုက်မရှိသော်လည်း အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့သည်။

ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပေကုန်းကျေးရွာမှ အသက် ၉ နှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – ယင်းမာပင်မြို့နယ် တပ်ရင်း ၁ – ခရိုင်တပ်ရင်းအမှတ် – 36 FB page

 

သင့်ထင်မြင်ချက်ရေးပေးပါ