စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့သဖြင့် ခေတ္တဆုတ်ခွာထားစဉ် TNLA တပ်က နေရာဝင်ယူခဲ့သည့် မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာအနီးရှိ KIA တပ်ရင်း (၉) ၏ ရှေ့တန်းတပ်စခန်းတွင် မူလအတိုင်း KIA က ပြန်လည်နေရာယူထားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့ခန့်က အဆိုပါတပ်စခန်းကို တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဝင်ရောက်တပ်စွဲခဲ့ပြီး နှစ်ဖက်ညှိနှိုင်းမှုများဖြင့် (၄) ရက်အကြာ KIA က ပြန်လည်နေရာယူခဲ့ခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“စစ်ကောင်စီတွေ ဝင်မွှေပြီးတဲ့နောက် TNLA တွေ ဝင်လာတာ။ အဲ့ဒီနေရာ ပြန်ဖယ်ပေးဖို့ KIA တပ်ဖွဲ့ဝင်က ပြောတာကို အစက မဖယ်ပေးချင်ဘူး။ဌာနချုပ်က လူတွေ ပြန်ညှိပြီးမှ နေရာ ပြန်ဖယ်ပေးတာ။ အဲ့ဒီ တပ်စခန်းမှာ စစ်ကောင်စီနဲ့ TNLA တွေ တပ်စွဲခဲ့တာက တစ်ပတ်လောက်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က ဒေသအခေါ် ဘတ်နွယ်ဘွမ်တောင်ပေါ်ရှိ KIA ရှေ့တန်းတပ်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“စစ်ကောင်စီရဲ့ အထက်အမိန့်က TNLA ဘိန်းချက်စက်ရုံအထိ သွားဖို့ပေါ့။ ဒါပေမဲ့ အဲ့ဒီစစ်ကောင်စီ စစ်ကြောင်းမှာက ပြည်သူ့စစ်ဗိုလ်တွေလည်း (ရှယ်ယာ) ပါနေတော့ လွယ်မောက်တောင်ထိ (ဘိန်းချက်စက်ရုံ ရှိတဲ့နေရာ) မရောက်တော့ဘူး။ အဲ့ဒီနေရာကို ရောက်ဖို့ ဘတ်နွယ်ဘွမ်ကို ကျော်ရတယ်ဆိုတော့ KIA စခန်းကိုပဲ မီးရှို့လိုက်တာ။ စစ်ကောင်စီတပ်ကတော့ သူတို့ကြိုက်တာ အကုန်ယူသွားတယ်၊ ဆန်တွေရော၊ ဂီတာကအစ ယူသွားကြတာ” ဟု ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တပ်စွဲနေထိုင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသများကို ပလောင်ပြည်နယ်ဖော်ဆောင်ရန် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များနှင့် TNLA တပ်က ပူးပေါင်းဆောင်ရွက်နေကြောင်း အသက် ၅၄ နှစ်အရွယ် မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက သူ့အမြင်ကို ပြောသည်။

“TNLA တွေက အခု တပ်ရင်း ၉ နေရာနဲ့ သူတို့ ဘိန်းချက်စက်ရုံနဲ့ နီးတဲ့နေရာမှာ သူတို့ပဲ အုပ်ချုပ်ချင်တာမျိုးပေါ့။ အဲ့ဒါကြောင့် စစ်ကောင်စီနဲ့ ပလောင်(တအောင်း)တွေက တိုက်ပွဲဖြစ်ချင်ယောင်ဆောင်ပြီး ပလောင်(တအောင်း)တွေ ဆုတ်သွားရင် စစ်ကောင်စီက KIA ဘက် ပြန်လှည့်လာတာ အဲ့ဒီလိုမျိုးပေါ့။ TNLA ဘက်ကလည်း KIA ကို တိုက်ရိုက်တိုက်လို့ မရတော့ စစ်မျက်နှာပြောင်းပြီး စစ်ကောင်စီနဲ့ ပူးပေါင်းပြီး KIA ကို မောင်းထုတ်ချင်နေတာ” ဟု ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်တပ်စခန်းအနီး TNLA ၏ ဘိန်းချက်စက်ရုံ ရှိ၊ မရှိကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် KIA နှင့် TNLA ၏ ပြောရေးဆိုခွင့်ရှိသူကို The 74 Media က မေးမြန်းဆက်သွယ်နိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) အင်အားပိုမိုကြီးထွားလာနေပြီး နယ်မြေချဲ့ထွင်မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသတွင်း လူမျိုးရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်ပွားလာမည်ကို စိုးရိမ်ရကြောင်း International Crisis Group (ICG) အဖွဲ့က စက်တင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က လားရှိုးမြို့ရှိ နယ်ခြားစောင့်တပ်ဖွဲ့ ကြီးကြပ်ရေးခေါင်းဆောင် အငြိမ်းစား ဗိုလ်မှူးကြီး ဝေဆန်း၊ ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေး မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းနဲ့ ထင်ပါကျိုင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လွင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာများတွင် ဖော်ပြထားသည်။

သတင်း – Pan Soon

 

သင့်ထင်မြင်ချက်ရေးပေးပါ