ဇိုမီးတော်လှန်ရေးတပ် (ZRA) က ချင်းဒေသကာကွယ်ရေး (CDF) ကို လာရောက်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသောကြောင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားကြောင်း သိရသည်။

စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည့် ဇိုမီးတော်လှန်ရေးတပ် Zomi Revolutionary Army – Eastern Command (ZRA – EC) က စစ်အာဏာရှင်စနစ်တော်လှန်နေသည့် CDF တပ်စခန်းများကို နှစ်နှစ်အတွင်း ခုနှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု CDF တွန်းဇံမှ အထွေထွေအတွင်းရေးမှူး ဦးထန်ဆွင်းမုန်က The 74 Media ကိုပြောသည်။

“အရင်က ဒီမှာ ZRA ဆိုတာ မရှိဘူး။ အိန္ဒိယ မဏိပူရ် State (ပြည်နယ်) မှာပဲ ရှိတာပေါ့။ အာဏာသိမ်းတဲ့အခါကျမှပဲ ဒီဘက်ကိုနယ်ကျော်လာတာပေါ့။ အခုမှသူတို့ တွန်းဇံမြို့ပေါ်ကို အခြေချလာတာ။ တစ်လတောင် မပြည့်သေးဘူး” ဟုပြောသည်။

People Defense Army (Teddim) ဖွဲ့စည်းရန် လူစုနေချိန် ၂၀၂၁ ခုနှစ် မေလ ၂၂ ရက်နေ့က ZRA က ပထမဆုံးအကြိမ် လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် တီးတိန်မြို့နှင့် မိုင် ၂၀ ကျော်ခန့်အကွာရှိ ZRA တပ်စခန်း တစ်ခုကို ချင်းအမျိုးသားကာကွယ်ရေးတပ် CNA/CNF တပ်ပေါင်းစု ပထဦးဆုံးအကြိမ် တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇိုမီးတော်လှန်ရေးတပ် ZRA က ယခုနှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာ ၁၀ ရက်နေ့တို့တွင် CDF တွန်းဇံ၏ ယာယီ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းယူထားသည်။

ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရန် စစ်ကောင်စီတပ်ကို တွန်းလှန်နေချိန် အနှောက်အယှက်ပေးသော မည်သည့်အဖွဲ့အစည်းကိုမဆို နည်းလမ်းရှာဖြေရှင်းသွားမည်ဖြစ်ကြောင်း ချင်းဒေသရှိ တော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် CJDC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တခြားအဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့အစီစဉ်မရှိပါဘူး။ တော်လှန်ရေးလုပ်နေတဲ့ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ်ပေါ့ စစ်ကောင်စီကို တိုက်တဲ့အခါ အတားအဆီး ဖြစ်လာပြီဆိုလို့ရှိရင်တော့ ကျွန်တော်တို့ကတော့ ဖြစ်နိုင်တဲ့လမ်းကြောင်းကိုရှာပြီး ဖြေရှင်းရမှာပေါ့။ ကျွန်တော်တို့စစ်ကောင်စီကို တိုက်နေတဲ့ အဖွဲ့အစည်းတွေကို အားမပေးတဲ့အပြင် တိုက်ခိုက်နေတဲ့အတွက်ကြောင့် ဒီဟာကို Counter Attack လုပ်တဲ့သဘောပါ” ဟုပြောသည်။

ဇိုမီးတော်လှန်ရေးတပ် Zomi Revolutionary Army – Eastern Command (ZRA – EC) က အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် နယ်ခြားစောင့်တပ်အနေဖြင့် အခြေစိုက်လှုပ်ရှားပြီး ချင်းပြည်နယ်မြောက်ပိုင်းကိုမူ ZRA – Eastern Command ၏ထိန်းချုပ် နယ်မြေအတွင်းပါဝင်သည်ဟု ဆိုသည်။

ZRA တပ်က ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ချင်းပြည်နယ်နှင့် အိန္ဒိယနယ်စပ်တစ်နေရာရှိ Zomi Federal Union (ZFU-Zoland) တပ်စခန်း တစ်ခုကိုလည်း လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဇွန် ၁၇ ရက်နေ့တွင် ZRA နယ်မြေအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ ထူထောင်ခြင်းမျိုးမပြုလုပ်ရန် စာထုတ်ပြန်ခဲ့သည်။

ထိုစာထုတ်ပြန်ခဲ့ပြီးနောက် ၃ ရက်အကြာ ဇွန်လ ၂၀ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒေသကာကွယ်ရေးအတွက် လှုပ်ရှားနေသည့်အဖွဲ့ကို နိုင်ငံရေးအရ အမြတ်ထုတ်ရန် ရည်ရွယ်ပြီး ဗိုလ်ကျတိုက်ခိုက်နေမည်ဆိုပါက ပြန်လည်တိုက်ခိုက်သွားမည်ဟု CDF က သတိပေးစာပြန်လည် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် ZRA က စစ်ကောင်စီနှင့်ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသည့်အတွက် မတရားအသင်းအဖြစ် ကြေညာထားပြီးဖြစ်သည်ဟု CDF မတူပီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ မတရားတဲ့အဖွဲ့စည်းအဖြစ် ကြေညာထားပြီဆိုတော့ ကျွန်တော်တို့ ချင်းပြည်နယ်မှာ လှုပ်ရှားခွင့်မပေးဘူးဆိုတော့ အမြဲတမ်းကျွန်တော်တို့ကိုလာတိုက်တာတွေရှိတယ်။ ကျွန်တော်တို့နဲ့ ခံယူချက်၊ ရည်ရွယ်ချက်မတူသလို လုပ်ငန်းဆောင်တာအားလုံးကို ကန့်လန့်တိုက်တဲ့ပုံစံရှိတယ်” ဟုပြောသည်။

တွန်းဇံမြို့သည် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ Mizoram ပြည်နယ်နှင့် မြောက်ဘက်တွင် Manipur မြို့နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ သုံးသောင်းခွဲကျော် နေထိုင်သည်။

သတင်း – Thu Ta

ဓါတ်ပုံ – ZRA Supporters

 

သင့်ထင်မြင်ချက်ရေးပေးပါ