ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ ရဲစခန်းအနီးတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ကမ္ဘာလင်းရွှေဆိုင်ရှေ့တွင် သေနတ်သံ ငါးချက်ခန့်ကြားခဲ့ရပြိး အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာ ရဲစခန်းအနီးတွင်နေထိုင်သူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက်က ဦးညီမောင်းလာတဲ့ကားနားကိုကပ်ပြီး သေနတ်နဲ့ပစ်သွားတာ တွေ့တဲ့သူရှိတယ်။ ကားမှန်လည်းချထားတယ်လို့သိရတယ်။ သေနတ်ဒဏ်ရာနဲ့ ဆက်မောင်းလာရင် သူ့ဆိုင်နားရောက်တော့မှ မခံနိုင်တော့လို့ လှမ်းအကူညီတောင်းတာ” ဟုပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် ဧရာမြင့်မိုရ် ဆိုင်ကယ်ပစ္စည်းနှင့် ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဦးညီညီဆိုသူမှာ လက်ရှိဖားကန့်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း အသက် ၂၈ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လူနာကစိုးရိမ်ရတဲ့အခြေအနေတော့ရှိတယ် လက်မောင်းလည်းကျည်ထိထားတယ်။ အနီးအနားက လူတွေလိုက်ပို့တာတွေ့တယ် ဆေးရုံကြီးကိုလေး” ဟုပြောသည်။

ဦးညီညီပစ်ခတ်ခံရပြီးနောက် ဥရုရတနာကျောက်စိမ်းတောင် တံတားထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း စစ်ဆေးခံခဲ့ရသူ အသက် ၃၉ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“ဆိုက်ကယ်ရော ကားတွေရော အကုန်စစ်နေတာ။ အရင်ရက်တွေတော့ မစစ်ဘူး။ တူးဘောက်လည်းဖွင့်တယ်။ လူသေစေနိုင်တဲ့ လက်နက်တွေပါရင် ချက်ချင်းထုတ်ပြလို့လည်းပြောတယ်” ဟုပြောသည်။

ဖားကန့်မြို့တွင် မကြာခဏ လုပ်ကြံသတ်ဖြတ်မှု၊ ပစ်ခတ်သတ်ဖြတ်မှုများနှင့် ခိုးဆိုးလုယက်မှုများ ဖြစ်ပွားလေ့ရှိပြီး ဘဇံချောက်ကျေးရွာအနီးတွင်လည်း စက်တင်ဘာလ ၁၁ ရက်နေ့က ဓားဖြင့်ခုတ်ထစ်သတ်ဖြတ်ခံထားရသည့် ကိုဖိုးချို၏ အလောင်းတွေ့ရှိခဲ့သည်။

သတင်း – SK

 

သင့်ထင်မြင်ချက်ရေးပေးပါ