ဖားကန့်မြို့အတွင်းရှိ အမှိုက်ပုံများအနီး မူးယစ်ဆေးဝါးရောင်းချနေသူများကို ယမန်နေ့ညနေ ၅ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

မှော်စီစာကျေးရွာ ဆောင်းချိန်ရပ်ကွက် အမှိုက်ပုံအနီးတွင် ဆေးရောင်းဝယ်နေသူ သုံးဦးကို ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေ့ရှိသူ အသက် ၃၁ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကားနဲ့လာဖမ်းတာဟုတ်တယ်။ ဖမ်းတဲ့အချိန်ရောင်းတဲ့သူက ထွက်ပြေးသေးတယ်။ အထုတ်အမဲရောင်ကို ပစ်ချပြီးလေ။ အဲ့အိတ်ထဲမူးယစ်ဆေးဝါးတွေထည့်ထားတာ တော်သေးတယ် ရပ်ကွက်လူတွေဝိုင်းဖမ်းပေးလို့ မိသွားတယ်။ ကားပေါ်တင်သွားတာတွေ့တယ်” ဟုပြောသည်။

ဖားကန့်မြို့အတွင်း ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာရခြင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူများကြောင့်ဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီးမှုများကိုလည်း ပိုမိုပြုလုပ်စေလိုကြောင်း အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုလိုဖမ်းပေးတာကြောင့် မူးယစ်ဆေးသုံးတဲ့ကောင်တွေ အိမ်ဖောက်တာတို့ ပစ္စည်းခိုးတာတို့ လျော့သွားစေတယ်။ များများ ဖမ်းခိုင်းစေချင်တယ်” ဟုပြောသည်။

လမ်းပေါ်တွင်ရောင်းချနေသူများကို ဖမ်းဆီးသကဲ့သို့ လက်ကားရောင်းချသူများကိုလည်း ထိထိရောက်ရောက်အရေးယူပေးစေလိုသည်ဟု အသက် ၃၅ နှစ်အရွယ်ဒေသခံအမျိုးသမီးတစ်ဦးက တိုက်တွန်းသည်။

“လမ်းပေါ်ရောင်းတဲ့သူတွေကို ဖမ်းတာလည်းကောင်းပါတယ်။ ဒါပေမဲ့ သူတို့နောက်ကွယ်က လက်ကြီးသမားတွေကို ဖမ်းတာက ပိုထိရောက်မယ်။ အဲတာတွေကို KIA အနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူတာမျိုးမြင်ချင်ပါတယ်။ စကစက ကိုယ်တိုင်ရောင်းနေတော့ သုံးစားမရဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့ကလည်း ပူတာအိုမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချနေသူ ခုနှစ်ဦးကို ကချင်လွတ်မြောက်ရေးတပ် (KIA), PDF – putao နှင့် KPF ပူးပေါင်းတပ်တို့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာနှင့် ယူမာကျေးရွာကြားတွင် လုယက်မှု ၁၀ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့သူကိုလည်း KIA တပ်ဖွဲ့က ဖမ်းဆီးရမိထားသည်ဟူသော ရုပ်သံ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

မရှီကထောင်ကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း မူးယစ်ဆေးဝါးသုံးစွဲသူ အချင်းချင်း စကားများရန်ဖြစ်ရာမှ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဦးဂွမ်ဂျက်ဆိုသူ အသတ်ခံခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု အောင်ရာကျေးရွာနှင့် လုံးခင်းကျေးရွာကြား ဘောလုံးကွင်းအနီးတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသော တဲအိမ်များကို KIA – PDF ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးပြီးနောက် တုံဖုန်းကားနှစ်စီးဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူ ၅၀ ခန့်နှင့် ဆိုင်ကယ် ၁၀ စီးခန့်ကို ဖမ်းဆီးခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ