ဖားကန့်မြို့တွင် ဇနီးဖြစ်သူအား အပိုင်းပိုင်းခုတ်သတ်ခဲ့သည့် အမျိုးသားကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တကျွန်းချမှတ်လိုက်ကြောင်း သိရသည်။

မော်ဝမ်းရပ်ကွက်ရှိ ရွှေရောင်လင်း (စားသောက်ဆိုင်) ပိုင်ရှင်အမျိုးသမီးကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် ဦးမျိုးမင်းဇော်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က မိုးညှင်းခရိုင်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သေဆုံးခဲ့သူ၏ မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မမိုင်းမိုင်းကို မသတ်ခင်မူးယစ်ဆေးဝါးလည်း သုံးစွဲထားတယ်လို့သိရတယ်။ လူသတ်မှုဆိုတာ ထင်ပေါ်နေမှတော့ ဒီပြစ်ဒဏ်ချမှတ်လိုက်တာက မှန်ကန်ပါတယ်” ဟုပြောသည်။

ကျူးလွန်ခဲ့သူ အသက် ၃၃ နှစ်ခန့်အရွယ်ရှိ ဦးမျိုးမင်းဇော်ကို အခင်းဖြစ်ပွားပြီးနောက် ဖားကန့်မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ခြောက်လအကြာတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ (၃၀၂) သည် လူသတ်မှုပုဒ်မဖြစ်ပြီး ပြစ်ဒဏ်အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း(နှစ် နှစ်ဆယ်)ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ညက လင်မယားချင်းစကားများရန်ဖြစ်ရာမှ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဒေါ်ဆောင်းဆွေ (ခ) မိုင်းမိုင်ဆိုသူမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာနှင့် ဦးခေါင်းကွဲသည့် ဒဏ်ရာတို့ဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှု၊ ခိုးဆိုးလုယက်မှု၊ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပိုင်ရှင်မဲ့ ရုပ်အလောင်းများ မကြာခဏတွေ့ရလေ့ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ဆိပ်မူအုပ်စု ဘဇံချောက်တွင် ဓားဖြင့် ခုတ်ထစ်သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။

စက်တင်ဘာ ၈ ရက်နေ့ကလည်း ဖားကန့်မြို့ လုံးခင်းအုပ်စု ငိုးပင်းကျေးရွာ ဈေးတန်းအနီးတွင် အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ကျောက်တူးရာတွင်အသုံးပြုသော သံတိုင်ဖြင့် မသေမချင်း ရိုက်သတ်ခဲ့သောကြောင့် အသက် ၃၆ နှစ်ခန့်အရွယ်ရှိ ကိုအောင်မင်းလှိုင်ဆိုသူ သေဆုံးခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ