မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့မှ တက်ရောက်ခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာဖော်ပြချက်အရသိရသည်။

နေပြည်တော်တွင် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် အဆိုပါအစည်းအဝေးကို လေးနိုင်ငံ မှ လေတပ်ဦးစီးချုပ်များ တက်ရောက်ခဲ့ခြင်းမရှိဘဲ ဖိလစ်ပိုင်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက Video Message (ရုပ်သံဖိုင်) သာ ပေးပို့ခဲ့သည်။

အစည်းအဝေးတက်ရောက်ခဲ့သော နိုင်ငံအသီးသီးက လေတပ်ဦးစီးချုပ်များကို စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က သီးသန်းတွေ့ဆုံခဲ့ပြီး မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှာ အစည်းအဝေး တက်ရောက်မည်မဟုတ်ကြောင်း ကြိုတင် ပြောကြားထားပြီး အခြားနိုင်ငံများမှာမူ တစ်စုံတရာ ထုတ်ပြန်ခြင်းမရှိဘဲ စစ်ကောင်စီဦးဆောင်သည့် အစည်းအဝေးတက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် လူ့အခွင့်အရေးလှုပ်ရှားသောအဖွဲ့ဖြစ်သည့် Justice For Myanmar အဖွဲ့က အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်၏ အစည်းအဝေးကို တက်ရောက်ခြင်း မပြုရန် တိုက်တွန်းထားသော်လည်း ထိုင်း၊ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက လူကိုယ်တိုင် အစည်းအဝေးတက်ရောက်ခဲ့ကြသည်။

နှစ်စဉ်ပြုလုပ်သော အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို ကာကွယ်ရေး၊ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးကိစ္စရပ်များမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးလေ့ရှိကြောင်းသိရသည်။

လက်ရှိ အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို ဦးဆောင်ကျင်းပနေသော စစ်ကောင်စီ လေတပ်ဦးစီးချုပ်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ဥရောပသမဂ္ဂ (EU)၊ အမေရိကန်နှင့် ဗြိတိန်တို့၏ ပိတ်ဆို့အရေးယူခံထားရသူဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလေတပ်သည် ဖားကန့် အနန့်ပါ၊ ကန့်ဘလူ ပဇီကြီးကဲ့သို့ ရာနှင့်ချီသည့် နိုင်ငံသာများအပေါ် လူအစုလိုက်အပြုံလိုက် ဗုံးကြဲ သတ်ဖြတ်ထားသည့်အပြင် နိုင်ငံအတွင်း နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

သတင်း – ဒေးဗစ်

သင့်ထင်မြင်ချက်ရေးပေးပါ