ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် ယမန်နေ့ည ၇ နာရီခန့်က ပိုက်ဆံအိတ်ခိုးယူသွားသူ အမျိုးသမီးက ပိုင်ရှင်ဖြစ်သူကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်ရိုက်နက်ခဲ့ကြောင်း သိရသည်။

ခိုးယူသွားသူအမျိုးသမီးက ပိုင်ရှင်ဖြစ်သူ၏ လုံးခင်းကျေးရွာ ရပ်ကွက် (၂) ရှိနေအိမ်သို့ ယမန်နေ့ မွန်းလွှဲ (၁) နာရီခန့်က ရောက်ရှိလာပြီး ပြန်သွားချိန်တွင် ငွေကျပ်ဆယ်သိန်းခန့်ပါရှိသည့် ပိုက်ဆံအိတ်ကို ခိုးယူသွားခြင်းဖြစ်သည်ဟု နီးစပ်သူအမျိုးသမီးတစ်ဦး The 74 Media ကိုပြောသည်။

“မနက်အစောကြီး အိမ်ရှေ့မှာလာအော်ငိုနေလို့ ဘာဖြစ်တာလဲမေးတော့ လင်မယားချင်းရန်ပြီး ရိုက်ထားတယ်တဲ့။ အသက်လည်းငယ်သေးတော့ သနားလို့ ထမင်းကျွေးပြီး ခေါ်ထားပေးတာ။ နေ့လယ်ကျတော့ သူ့အစ်မတွေဆီ သွားတော့မယ်ဆိုပြီး ထွက်သွားတာနဲ့ တံခါးတွေပိတ် ပိုက်ဆံအိတ်ယူပြီး အိမ်ပေါ်တက်တော့မယ်ဆိုကြည့်လိုက်တော့ လွယ်အိတ်ထဲမှာ မရှိတော့ဘူး” ဟုပြောသည်။

ဖုန်းဖြင့်ဆက်သွယ်ချိန်မယူကြောင်းငြင်းဆိုခဲ့ပြီး မှတ်ပုံတင်ပြန်ပေးရန်တောင်းချိန် လည်ပင်းညစ်ပြီး နဖူးတွင်ကျောက်ကြည့်ဓာတ်မီးဖြင့်ရိုက်နက်ကာ သတ်ပစ်မည်ဟုခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“ဒူးထောက်ဆိုလဲထောက်ပါ့မယ် မှတ်ပုံတင်လေးတော့ ပြန်ပေးပါ၊ ပိုက်ဆံမယူတော့ဘူးလို့ အနူးအညွှန့်တောင်းတာကိုမပေးတော့ သက်ဆိုက်ရာကိုတိုင်မယ်လို့ပြောလိုက်တာ၊ တိုင်ရဲရင်တိုက်ကြည့်လေ သတ်ပစ်လိုက်မယ်၊ မျက်နှာတောင် မသစ်လိုက်ရပဲနေမယ်နော်ဆိုပြီး ပြန်ပြောပြီး ရိုက်တာ” ဟုပြောသည်။

ရိုက်နက်ခံရသူမှာ နဖူးညာဘက်အခြမ်းပေါက်ပြဲဒဏ်ရာနှင့် ခန္ဓာကိုယ်တွင်လည်း ရိုက်နက်ခံထားရသည့် ဒဏ်ရာများရရှိထားကြောင်း သူကပြောသည်။

ကျူးလွန်ခဲ့သူမှာ အသက် ၂၁ နှစ်ခန့်အရွယ် အများအခေါ် စစ်ကိုင်းသူဆိုသူဖြစ်ပြီး ရိုက်နက်ခံရချိန်တွင်လည်း ခင်ပွန်းဖြစ်သူနှင့် အခြားအမျိုးသားနှစ်ဦးမှာ ရပ်ကြည့်နေခဲ့ကြကြောင်း သိရပြီး သက်ဆိုင်ရာကို တိုင်ကြားထားသည်ဟုဆိုသည်။

ဖားကန့်မြို့နယ်တွင် ဩဂုတ်လမှ စတင်ကာ ခိုးမှု၊ လုယက်မှုနှင့် လူသတ်မှုများပိုမိုအဖြစ်များလာပြီး ပိုင်ရှင်မဲ့အလောင်းများနှင့် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ မကြာခဏ တွေ့ရှိရလေ့ရှိသည်။

သတင်း – HN

သင့်ထင်မြင်ချက်ရေးပေးပါ