ပူတာအိုမြို့ တွင် ယနေ့ မွန်းလွှဲ ၁ နာရီခန့်က ဆယ်တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ကောင်ကထောင်ရပ်ကွက်နှင့် လုံးဇွပ်ရပ်ကွက်ကြားရှိ နမ်ထုမ်ချောင်းတွင် သူငယ်ချင်းများနှင့် ရေချိုးချိန် ရေနစ်ပျောက်ဆုံးသွားပြီး ဒေသအခေါ် အောက်ချိုင့် သံဘောင်တံတားအနီးတွင် ညနေ ၃ နာရီခွဲခန့်က ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့သည်ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ရေကြီးပြီးတော့မှ ခေါင်းတစ်ချက်တော့ပေါ်တယ်တဲ့၊ ပေါ်လာပြီးတော့မှ ပျောက်သွားတာတဲ့ သူ့သူငယ်ချင်းတွေကတော့ ရေကူးတာပဲထင်ပြီးလိုက်မရှာကြဘူး။ အဲ့မှာလူကြီးကိုပြောမှဝိုင်းရှာ ချောင်းအတိုင်းဆင်းခဲ့ပြီးတော့မှာ ဒီအောက်မှာလာတွေ့တာ” ဟုပြောသည်။

မောင်ဇာမဲဂျုံရှင်း၏ ရုပ်အလောင်းကို နေအိမ်သို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သူကဆက်ပြောသည်။

သေဆုံးသူမှာ အသက် ၁၉ နှစ်ခန့်အရွယ်ရှိ မောင်ဇာမဲဂျုံရှင်းဆိုသူဖြစ်ပြီး ကောင်ကထောင်ရပ်ကွက် ၂ တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကလည်း ပူတာအိုမြို့နယ် မူလာရှီးဒီချောင်းတွင် အသက် ၂၄ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – ခမ်းတီလုန်ပရဟိတအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ