စစ်ကြောရေးတွင် စစ်ဆေးခံရပြီးနောက် သေဆုံးခဲ့သည့် မိုးကောင်းမြို့ ဇင်ယော်ဆီဆိုင်ပိုင်ရှင် အမျိုးသမီး၏ ရုပ်အလောင်း မိသားစုဝင်များကို ကြည့်ရှုခွင့်မပေးဘဲ မီးသင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးခံခဲ့ရသည့် ဖိုးချစ်ကုန်းရပ်ကွက်ရှိ၊ ဇင်ယော်ဆီဆိုင်ပိုင်ရှင် ဦးမိုးကျော်နှင့် ဒေါ်ခင်မာဆွေတို့ကို PDF ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ရှစ်ရက်အကြာ စက်တင်ဘာ ၁၁ ရက်နေ့က သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ပြောသည်။

“စစ်ကြောရေးကိုခေါ်လိုက် ညကြရင် စခန်းကိုပို့လိုက် အဲ့လိုမျိုးလုပ်တယ်လို့ကြားတယ်။ သူအစာမစားတာ လေး၊ ငါး၊ ခြောက်ရက်လောက်ဖြစ်နေလို့ အားပြတ်သွားတယ်လို့တော့ ပြောကြတယ်။ သွေးတိုးရောဂါအခံရှိတယ်လို့ သိရတယ်။ တမြန်နေ့ အချုပ်ထဲမှာ ဆုံးသွားတာ” ဟုပြောသည်။

သေဆုံးခဲ့သည့် အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဒေါ်ခင်မာဆွေ၏ အမျိုးသား ဦးမိုးကျော်ကို လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ဖမ်းဆီးထားဆဲဖြစ်သော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစုဝင်များပင် မသိရှိ‌ရကြောင်း သူကပြောသည်။

ဒေါ်ခင်မာဆွေကို စက်တင်ဘာလ ၁၀ ရက်နေ့က ရုံးထုတ်စစ်ဆေးသည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် နောက်တစ်ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ အခြားတစ်ဦးက ပြောသည်။

“ရုံးထုတ်တယ် ဘာညာကြားရတယ်ဆိုတော့ ဝမ်းသာတာပေါ့ စစ်ကြောရေးကနေ လွှတ်မြောက်လာပြီဆိုပြီးမှ။ အမှုရင်ဆိုင်ဘာညာဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ်ကျတာတော့ ကျမှာပဲ။ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိတော့ဘူးပေါ့ဗျာ။ နောက်မှသတင်းကြားလာတာ” ဟုပြောသည်။

ရုပ်အလောင်းကို ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ပြီးနောက် စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွှဲ ၃ နာရီခန့်က နတ်ကြီးကုန်း သုဿန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သားများ၊ ပြည်သူစစ်တပ်ဖွဲ့ဝင်များက မီးသင်္ဂြိုဟ်ခဲ့ရာ လိုက်လံပို့ဆောင်သည့် ဆွေးမျိုးနီးစပ်သူများကို ရုပ်အလောင်းကြည့်ရှု့ခွင့်မပေးသည့်အပြင် ဖုန်းကိုင်ဆောင်ခွင့်လည်း မပေးကြောင်း နီးစပ်သူများထံက သိရသည်။

PDF ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စက်တင်ဘာလ ၂ ရက်နေ့က ဇင်ယော်စက်သုံးဆီဆိုင်မှ ဝန်ထမ်းများကို ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာ ၃ ရက်နေ့တွင် ဆိုင်ကိုဖြိုချဖျက်ဆီးခဲ့ပြီး ပိုင်ရှင်လင်မယားကိုလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မိုးကောင်းမြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံခဲ့ရပြီးနောက် ဖမ်းဆီးခံခဲ့ရသူများတွင် ဩဂုတ်လ ၂၅ ရက်နေ့ကလည်း နတ်ကြီးကုန်း ပျော်လင့်ရပ်ကွက်တွင် နေ့ထိုင်သည့် အသက် ၄၇ နှစ်အရွယ် ဦးဝဘော်ဂျိုးဆပ်တန်ဂွန်းမှာ စစ်ကြောရေးတွင် သတ်ဖြတ်ခံခဲ့ရပြီး ရုပ်အလောင်းကိုလည်း မိသားစုထံပြန်ပေးခဲ့ခြင်းမရှိပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ ဩဂုတ်လ ၁၉ ရက်နေ့က ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မိုးကောင်းမြို့တွင် နေ့စဉ်ရက်ဆက် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူ ရာဂဏန်းဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ