ရပ်ကွက်နေပြည်သူများစုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်ခဲ့သည့် မြစ်ကြီးနားမြို့ ပ.လ.န ရပ်ကွက်ရှိ လောင်းကစားရုံကို နှစ်လကျော်ကြာသည်အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ပ.လ.န (၁) ပိတောက်မြိုင်ရပ်ကွက်၊ ဂန္ဓဝင်ဘုန်းကြီးကျောင်း အနီးရှိ နေအိမ်အတွင်းဖွင့်လှစ်ရန်ပြင်ဆင်နေချိန် ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာသို့ စာရေးသားပေးပို့ တိုင်ကြားခဲ့သော်လည်း ယနေ့အထိ ဖွင့်လှစ်ထားဆဲဖြစ်သည်ဟု တိုင်ကြားမှုတွင်ပါဝင်ခဲ့သည့် ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“မဖွင့်ခင်ကတည်းက ကျွန်တော်တို့ကတင်တယ်။ ဘာလို့လဲဆိုတော့ ရွာခံ နှစ်လုံး၊ သုံးလုံးရောင်းတဲ့ကောင်က လောင်းကစားသမားတွေနဲ့ အခြေပြုပြီးမှ ခြံဝန်းငှားပြီဆိုကတည်းက လောင်းကစားရုံမှန်းသိတဲ့အခါကျတော့ သူတို့လည်း အပျက်စီးအဆုံးရှုံးနည်းအောင်ဆိုပြီးမှ အဆောက်ဦး ဆောက်မပြီးခင်ကတည်းက အုပ်ချုပ်ရေးမှူးဆီ စာတင်လိုက်တာ မရပါဘူး” ဟုပြောသည်။

ဒေသခံပြည်သူ ၈၀ ကျော် ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပ.လ.န (၂၉) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးများကို တိုင်ကြားခဲ့ရာ ဖြေရှင်းပေးမည်ဟုဆိုသော်လည်း လောင်းကစားရုံမှာ ယနေ့အချိန်ထိ ဖွင့်လှစ်ထားနေဆဲဖြစ်သည်။

လောင်းကစားရုံဖွင့်လှစ်ပြီးနောက် ရပ်ကွက်အတွင်း ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားလာပြီး ဒေသခံ လူငယ်များ အကျင့်စာရိတ္တပျက်ပြားလာမည်ကို စိုးရိမ်သောကြောင့် ကန့်ကွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးကပြောသည်။

“ဆိုင်ကယ်လုကြလို့တောင် လူတစ်ယောက်သေမတတ်ဘဲ ဆေးရုံတင်ထားရတယ်။ အဆုတ်မှာတောင် ထိသွားတယ် ဓားထိုးမှုနဲ့ ဆိုင်ကယ်ရတော့မရဘူး။ အိမ်မှာ၊ ရွာမှာ ခိုးတာကတော့ ပြောစရာမလိုတော့ဘူး။ ကြက်တွေဘာတွေ သံတိုသံစ ရှိတာအားလုံးခိုးတာ။ ဓားပြ မတိုက်တာတင်လေးပဲရှိတာ” ဟုပြောသည်။

လွန်ခဲ့သော နှစ်လခန့်မှ လောင်ကစားရုံဖွင့်လှစ်ခြင်း ကန့်ကွက်ကြောင်း စာပို့ထားပြီးဖြစ်ပြီး ဖွင့်လှစ်ထားခြင်းရှိ၊ မရှိကိုမသိရှိကြောင်း ပ.လ.န ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြောသည်။

“အဆောက်အအုံဆောက်တာတွေ လောင်းကစားတွေ မလုပ်ဖို့ ကျွန်တော်တို့ခေါ်လည်းပြောပြီးသွားပြီ။ အခုဖွင့်ထားလား မဖွင့်ထားလားမသိဘူး နယ်မြေမှူးတွေကို ထောက်လိုက်ဦးမယ်။ ဒီကောင်တွေ ရောက်လာတဲ့အခါ မူးယစ်ဆေးဝါးတွေ၊ သူခိုးဓားပြတွေ အရမ်းပေါလာတယ်။ ဝန်ကြီးချုပ်က အစည်းအဝေးမှာ တရားဝင်ကြေညာပြီးပြီ အကုန်ဖမ်းမှာ” ဟုပြောသည်။

လောင်းကစားရုံဖွင့်လှစ်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေသူများကို ဖမ်းဆီးအပြစ်ပေးအရေးယူသွားမည်ဟု စီမံအုပ်ချုပ်ရေးကောင်စီ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဦးခက်ထိန်နန်ကပြောကြောင်း သိရပြီး လက်ရှိ မြစ်ကြီးနားမြို့အတွင်း ဖွင့်လှစ်ထားသည့် တရားမဝင်လောင်းကစားရုံ ငါးခုထက်မနည်းရှိသည်။

 

ပ.လ.န ကျေးရွာအတွင်းဖွင့်လှစ်ထားသော လောင်းကစားရုံမှာ အချိန်အတိအကျ သတ်မှတ်ကာ ဖွင့်လှစ်ခြင်းမဟုတ်ဘဲ လာရောက်ဆော့ကစားသူရှိလျှင် ရှိသကဲ့သို့ မိုးလင်းပေါက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ရွာအတွင်းလာရောက်ဖွင့်လှစ်ထားသည်ကို မကြိုက်ကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါလောင်းကစားရုံကို ဒေသခံတစ်ဦးနှင့် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွင် ပါဝင်သူများက ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများက ပြောဆိုနေကြသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲများကို အခွန်အခပေးကာ လုပ်ကိုင်နေသည့် လောင်းကစားဝိုင်းများ ပိုမိုများပြားလာပြီး နောက်ဆက်တွဲအနေဖြင့် ခိုးဆိုးလုယက်မှု များပြားလာသည့်အပြင် ဒေသခံပြည်သူများ ကန့်ကွက်တိုင်ကြားမှုများကို သက်ဆိုင်ရာမှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။

သတင်း – Thu Ta

 

သင့်ထင်မြင်ချက်ရေးပေးပါ