ဗန်းမော်မြို့ရှိ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့နံနက် ၆ နာရီခွဲခန့်က ပိုင်ရှင်မဲ့အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်းသိရသည်။

မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ကုက္ကိုပင်အောက်တွင် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးနေသည့် ရုပ်အလာင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဗန်းမော်နာရေးကူညီမှုအသင်းမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အလောင်းရဲ့ပုံစံက မိုးရေလည်းစိုရွှဲပြီးမှ ကွေးကွေးလေး ပြောမယ်ဆိုအိပ်ရင်းနဲ့သေသွားတယ်လို့တော့ထင်တာပဲ။ ပြောတာတော့ မနက်လေးနာရီလောက်ထိ  ရပ်ကွက်ရုံးကလူတွေတော့ ထကြည့်သေးတယ်တဲ့၊ အဲ့ချိန်မသေသေးဘူးပေါ့” ဟုပြောသည်။

ရုပ်အလောင်းကို ဗန်းမော်ပြည်သူ့ဆေးရုံးရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ယခုအချိန်ထိ ပိုင်ရှင်မတွေ့သေးကြောင်း ဗန်းမော်နာရေးကူညီမှုအသင်းမှ အခြားအဖွဲ့ဝင်တစ်ဦးကပြောသည်။

“အလောင်းကအခုချိန်ထိ ပိုင်ရှင်မတွေ့သေးဘူးဗျာ၊ဆေးရုံးမှာပဲ၊ သေမှုသေခင်းဆိုတော့ ကျွန်တော်တို့လည်း သင်္ဂြိုဟ်လို့မဘူးဗျ။ ရဲနဲ့ဆေးရုံးက ခွင့်ပြုမှရတာ” ဟုပြောသည်။

သေဆုံးသူသည် အသက် ၃၀ ကျော်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး မိသားစုဝင်များကိုလည်း ရှာဖွေနေဆဲဖြစ်ကြောင်းသိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဗန်းမော်မြို့နယ်တွင် အိမ်ထောင်စု နှစ်သောင်းငါးထောင်ခန့်ရှိပြီး လူဦးရေ တစ်သိန်းနှစ်သောင်းခန့် နေထိုင်သည်။

သတင်း – Dureng

ပုံ – Bgh Msw FB page

သင့်ထင်မြင်ချက်ရေးပေးပါ