အင်းတော်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးက ရိုက်နှက်ခဲ့သဖြင့် အရပ်သားပြည်သူတစ်ဦး လွန်ခဲ့သည့်အပတ်က ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။

အင်းတော် – ဗန်းမောက်လမ်းပေါ်ရှိ ဒေသအခေါ် မြသီတာ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးယူသည့် ပ.က.ဖ တပ်ဖွဲ့ဝင်နှစ်ဦးက စက်တင်ဘာ (၅) ရက်နေ့တွင် စစ်ဆေးမှုခံယူပြီးထွက်လာသောပြည်သူကို လိုက်လံရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ကျူးလွန်ခံရသူနှင့် နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“ဂိတ်ကိုဖြတ်လာတဲ့ အခါကျတော့ စစ်ဆေးမှုခံယူပြီးတဲ့နောက်ပိုင်းမှာ ဆိုင်ကယ်ကိုမောင်းထွက်လာတော့ Super 4 ဆိုတော့ လီဘာကိုဟဲလိုက်ရတာပေါ့။ အဲဒါကိုရွဲ့ပြီးတော့ ထွက်သွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ အနောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ပြီးတော့ ရိုက်တာ။ သေနတ်ဒင်တွေနဲ့ ထောင်းတယ်” ဟုပြောသည်။

ကျူးလွန်ခံရသူမှာ အသက် ၂၇ နှစ်ခန့်အရွယ်ရှိ ကိုပြားဦးဆိုသူဖြစ်ပြီး ဗန်းမောက်မြို့မှ အင်းတော်မြို့သို့ ပစ္စည်းဝယ်ရန် ဆိုင်ကယ်ဖြင့်သွားချိန် မြသီတာဂိတ်တွင် စစ်ဆေးမှုခံယူပြီးနောက် ပ.က.ဖ တပ်ဖွဲ့ဝင်နှစ်ဦးက ဂိတ်နှင့် သုံးမိုင်ခန့်အကွာအထိ ဆိုက်ကယ်ဖြင့်လိုက်လာပြီး ရိုက်နက်ခဲ့ခြင်းဖြစ်ကြောင်း အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မှတ်ပုံတင်ထုတ်ပြပြီးတော့ မျက်မှန်ချွတ်ကလည်း နှုတ်နဲ့မပြောဘူး မေးငေါ့ပြတာပေါ့။ သူကမျက်မှန်ချွတ်တော့ မင်း‌ေ-ာက်ခွက်ကို ကြည့်ချင်လို့ မျက်မှန်ချွတ်ခိုင်းတာ မင်းကဘာလို့ မချွတ်တာလဲ ဘာညာပြောတာပေါ့။ သူကတော့ ဘာမှတော့ပြန်မပြောဘူးတဲ့။ ဆိုင်ကယ်ကိုသူက လီဘာပုတ်သွားတာပေါ့။ အဲဒါသူတို့ကို ပြောင်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့” ဟုပြောသည်။

တစ်စုံတစ်ရာမေးမြန်းခြင်းမရှိ၊ ရှင်းပြခွင့်မပေးဘဲ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့တွင် ရိုက်နက်ခဲ့သောကြောင့် ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ပြီး ကသာမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် လေးရက်ခန့်ဆေးကုသမှုခံယူခဲ့ရကြောင်း သူကဆက်ပြောသည်။

“ရိုက်ခံရတဲ့နေ့တုန်းက မျက်နှာတစ်ခုလုံးကတော့ ရစရာကိုမရှိဘူး။ ထမင်းလည်းမစားနိုင် နံရိုးနားမှာလည်း ရိုက်ခံထားရတော့ အသက်ရှူတွေလည်းအောင့်တယ် အတွင်းကြေပုံစံမျိုးပေါ့။ ပြီးကျတော့ အခုထိလည်း မျက်လုံးထဲမှာ အနီစက်တွေကျန်နေတယ်။ သေနတ်ပြောင်းအဖျားမှာ ကိုင်ပြီးတော့ကိုရိုက်တာ။ သူငယ်ချင်းတစ်ယောက်က မရိုက်ပါနဲ့ ဘာညာတောင်းပန်တာ မင်းမသေချင်ရင်အသာနေဆိုပြီးမှ သေနတ်နဲ့ ထောက်ထားတာတဲ့” ဟုပြောသည်။

အင်းတော်မြို့နှင့် ၁၅ မိုင်ခန့်အကွာတွင်ရှိသည့် ကျွန်းတောကျေးရွာနှင့် သောင်ကြီးကျေးရွာကြားတွင် ရိုက်နက်ခံခဲ့ရခြင်းဖြစ်ပြီး ကိုပြားဦးမှာ လက်ရှိအချိန်တွင် ဆေးရုံဆင်းပြီဖြစ်သော်လည်း ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ခေါင်းဆောင်ကို The 74 Media က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

မြသီတာ စစ်ဆေးရေးဂိတ်ရှိ ပ.က.ဖ တပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာသည့် ပြည်သူများကို ရိုင်းပြစွာ ပြောဆို ဆက်ဆံကာ စစ်ဆေးလေ့ရှိပြီး ရိုက်နှက်ခြင်းများလည်း ပြုလုပ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှစ် စက်တင်ဘာလကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က မဲဇာကျေးရွာအုပ်စု လယ်ပြင်ရွာမှ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ခိုးရာပါသံပိုက်များဝယ်ထားသည်ဟုဆိုကာ ဖမ်းဆီးရိုက်နှက်ခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ