အရပ်ဝတ်ဖြင့် မြေပြင်အခြေအနေထောက်လှမ်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ယနေ့ ၉ နာရီခန့်က ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံဖမ်းဆီးချိန် ထွက်ပြေးခဲ့သောကြောင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ဒေသခံများကို နေရပ်မပြန်ရန် စာထုတ်ပြန်ထားသဖြင့် စစ်ဘေးရှောင်နေရသည့် ကျေးရွာများကို လှည့်ပတ်စစ်ဆေးချိန် စည်သူသစ်ကွင်းအနီးတွင် အရပ်ဝတ်ဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာသို့ ထွက်ပြေးခဲ့သောကြောင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ချိုမိုင်မိုင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“သူခိုးဘာညာကပ်မှာစိုးလို့ ကင်းလှည့်နေတဲ့အချိန် တွေ့လို့ဆိုပြီးဖမ်းတော့ လုံးဝကြီးကို သူတို့ဘက်ပြန်ပြေးတာ မဖြစ်မနေပစ်လိုက်ရတာပေါ့။ တိုက်ပွဲပြင်းထန်နေတဲ့အချိန်ကပ်နိုင်တာ ဘယ်သူမှမရှိဘူးဆိုပြီး။ သူ့ဖုန်းကိုစစ်လိုက်မှ တင်ထားတဲ့ပုံတွေ့မှ စကစတပ်ဖွဲ့ဝင်မှန်းအတည်ပြုတာ” ဟုပြောသည််။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်မှာ အသက် ၂၃ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး မြေပြင်အနေအထားအရ ဆက်လိုက်ရန် မဖြစ်နိုင်သောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သူကပြောသည်။

လက်ရှိ စည်သူသစ်ကွင်းအနီးရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားသောကြောင့် စစ်ရေးအခြေအနေ တင်းမာလျက်ရှိသဖြင့် ဒေသခံပြည်သူများကိုလည်း ဆေးဝါး၊ အစားအသောက်နှင့် အဝတ်အထည်များယူကာ တိမ်းရှောင်ခိုင်းထားပြီး နေရပ်ပြန်နိုင်မည့်ရပ်များကိုလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက စာထုတ်ပြန်ထားကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ကလည်း စည်သူကွင်းတွင်သစ်ခိုးထုတ်နေသောကြောင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် ကျောင်းကုန်းကျေးရွာသို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့သည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ULF (မဟာမိတ်တပ်ပေါင်းစု)တို့ကြား ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – ULF

သင့်ထင်မြင်ချက်ရေးပေးပါ