ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ပုလဲမြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၇၀ ခန့်ပါရှိသော စစ်ကောင်စီတပ်ကို ကျွန်းဘိုကုန်းကျေးရွာနှင့် နွယ်ရှောင်ကျေးရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ချင်းတွင်းရိုးမမြေပြင်သတင်းထောက်လှမ်းနေသူ ကိုမြတ်ကိုးက The 74 Media ကိုပြောသည်။

“သူတို့(စစ်ကောင်စီ)ကထွက်ပေါက်မရှိတော့ လေကြောင်းပစ်ကူခေါ်တယ်။ နမခကနေပြီးတော့ တစ်နာရီခွဲလောက်မှာ လေယာဉ်စတက်လာတာ။ ကျွန်တော်လိုင်းမရလို့ မက်ဆေ့ချ်ကနေပြီး သတင်းဖြန့်လိုက်တော့ ကိုယ့်ဘက်ကြိုတင်ပြင်ဆင်တော့ အထိခိုက်တော့မရှိဘူးပေါ့ဗျာ” ဟုပြောသည်။

MI 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်လည်း တစ်နာရီခွဲခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပုလဲမြို့နယ်ပြည်သူအုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်က ပြောသည်။

“တိုက်ပွဲဖြစ်တဲ့နေရာတွေ သူတို့ သင်္ကာမကင်းဖြစ်မယ့်နေရာတွေပေါ့။ တော်လှန်ရေးအင်အားစုတွေ ရှိနိုင်တဲ့နေရာတွေကို ပတ်ပစ်တာ။ ရော့ကတ်က ငါးလုံးလောက်တော့ရှိမယ်ဗျာ။ တစ်ချို့အလုံးတွေက ကွဲတောင်မကျဘူး။ လက်ကနဲဆိုပြီး ပစ်လိုက်တဲ့မီးရောင်တွေတော့ ထွက်လာပြီး အောက်မှာကျတော့ ကွဲသံမကြားရဘူး” ဟုပြောသည်။

အတည်မပြုနိုင်သော်လည်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြီး လမ်းခရီးကြန့်ကြာနေသောကြောင့် စစ်ကြောင်းအား ခရီးတွင်စေရန် စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သူကဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းက နွယ်ရှောက်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားပြီး ယနေ့တိုက်ပွဲတွင် ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ် မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ခုနှစ်ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုလဲမြို့နယ်၊ မုံကြိုင်းကျေးရွာ၊ ကြောင်သန်းကျေးရွာနှင့် ဆင်ရှင်ရွာတို့ကို တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သေကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပိတောက်ကုန်းကျေးရွာကို ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော်တစ်ပါးအပါအဝင် ဒေသခံ ၁၂ ဦး သေဆုံးခဲ့သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ