တိုက်ပွဲဖြစ်ပွားခဲ့သည့် ဟောင်ပါးကျေးရွာတွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲမည်ဖြစ်သည်ဟုဆိုကာ ဒေသခံများကို အတင်းအကြပ်ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ကချင်လွတ်မြောက်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့သော ဟောင်ပါးကျေးရွာမှ ဒေသခံများကို တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သောကြောင့် ယနေ့အပြီးပြောင်းရွှေ့ရန်ပြောသည်ဟု အသက် ၂၈ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်တပ်က စစ်ကြောင်းထိုးလာရင်းပြောခဲ့တာလို့သိရတယ်။ ဒီနေ့ကိုအပြီးပြောင်းခိုင်းတာ အခုဆို ရွာထဲလည်း ခြောက်ကပ်နေတော့မှာ။ မြောက်ကျောင်းမှာလည်း စစ်တပ်ကတပ်စွဲထားပြီ။ တိုက်ပွဲပြန်ဖြစ်လာမှာကြောင့်မို့ ပြောင်းခိုင်းတာလို့သိရတယ်” ဟုပြောသည်။

ဒေသခံပြည်သူများကို ကျေးရွာအတွင်းမှ ပြောင်းရွှေ့ခိုင်းနေပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်း သေနတ်ရမ်းသမ်းပစ်ဖောက်မှုများပြုလုပ်ကြောင်း သူကပြောသည်။

ယနေ့နံနက် ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က စကားဝါကုန်းမှ လမ်းသွားလမ်းလာပြည်သူ ၁၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဟောင်ပါးကျေးရွာမှ တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တုန်းကဆို ဘယ်ပြေးလို့ပြေးရမယ်မှန်းကို မသိဘူး၊ စစ်ကြောင်းလည်းထိုးလာတာဆိုတော့။ စစ်ကြောင်းနဲ့တိုးတဲ့သူတွေကို စစ်တပ်ကဖမ်းခေါ်သွားတယ်။ အခုနောက်ဆုံးကြားသိရတာကတော့ KIA နဲ့ KPDF တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ကသိမ်းလိုက်ပြီတဲ့။ ရွာထဲလည်း ကျန်ခဲ့တဲ့သူမရှိသလောက်ဘဲ” ဟုပြောသည်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွင်လည်း ယနေ့နံနက်တိုက်ပွဲတွင် KIA တပ်ဖွဲ့ဦးငါးဦးသေဆုံးပြီး သေနတ်ငါးလက်၊ ပစ္စတိုတစ်လက်နှင့် အခြားစစ်အဆုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ဖားကန့်မြို့ ဟောင်းပါးကျေးရွာတွင် ယနေ့နံနက် ၄ နာရီခန့်က ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA)နှင့် လက်အောက်ခံ(KPDF) ပူးပေါင်းတပ်များရှိနေသည့် မြောက်ကုန်းဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်တို့က ဝင်ရောက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – SK

ဓါတ်ပုံ – AFP

သင့်ထင်မြင်ချက်ရေးပေးပါ