ဓားဖြင့်ခုတ်ထစ်သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းကို ယနေ့ နံနက် ၆ နာရီခန့်က ဖားကန့်မြို့ ဆိပ်မူအုပ်စုတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဘဇံချောက်ကျေးရွာတွင် လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာအပြင် အခြားဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် (၅၀) ခန့်အရွယ်အမျိုးသားတစ်ဦး၏အလောင်းကို ခြုံအတွင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိပ်မူကျေးရွာနေ အသက် ၂၅ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အလောင်းကို ခြုံပုတ်ထဲပစ်ချထားတယ်။ အုပ်စုလိုက်ဝိုင်းဖွဲ့ပြီး ရိုက်ထားတဲ့ပုံစံဟုတ်တယ်။ သားသတ် ငါးသတ်သလိုကို သတ်ဖြတ်ထားတာ။ အရင်ကတော့ ရပ်ကွက်ထဲမြင်ဖူးတယ် နောက်ပိုင်းမှပြောင်းသွားတာ” ဟုပြောသည်။

သေဆုံးခဲ့သူမှာ ကိုဖိုးချိုဆိုသူဖြစ်ပြီး ဆိပ်မူကျေးရွာ ရပ်ကွက် (၄) တွင် နေထိုင်ခဲ့ဖူးသည့် တန့်ဆည်မြို့နယ်မှ ဖြစ်ကြောင်း သိရသည်။

ကိုဖိုးချိုကို လည်ပင်း၊ လက်၊ ဝမ်းဗိုက်တို့တွင် ခုတ်ထစ်ထားသည့် ဓားဒဏ်ရာများဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လူမှုကူညီရေးအသင်းများက ရုပ်အလောင်းကို လာရောက်ယူဆောင်သွားပြီဖြစ်ကြောင်း အသက် ၄၂ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သေနတ်ဒဏ်ရာတော့ မတွေ့ရဘူး။ ဓားနဲ့ပဲခုတ်ထားတာ။ အခုသတ်ခံရတဲ့သူက ကျောက်အရောင်းအဝယ်ပဲလုပ်တယ်လို့ ပြောတယ်။ ဖားကန့်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး‌ကြောက်စရာကောင်းလာပြီ” ဟုပြောသည်။

The 74 Media ကရရှိထားသော ပုံတွင် ကိုဖိုးချို၏ ဘယ်ဘက် လက်ကောက်ဝတ်ကို အတိခုတ်ဖြတ်ထားသဖြင့် လက်ပြတ်နေသည့်ဒဏ်ရာ၊ ဘယ်ဘက် လက်ညိုး ခုတ်ဖြတ်ခံထားရသည့်ဒဏ်ရာ၊ ညာဘက် လက်ကောက်ဝတ်တွင်လည်း ဓားဖြင့်ခုတ်ခံထားရသည့် ဒဏ်ရာနှင့် ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာများကိုတွေ့ရသည်။

ဖားကန့်မြို့၊ မရှီကထောင်ကျေးရွာ ဈေးအနီးရှိ တရုတ်ဘုံကျောင်းရှေ့တွင် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ