စစ်ကောင်စီသင်္ဘောမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး လက်နက်ငယ်ကြောင့် ယမန်နေ့ညနေ ၆ နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ်မှ ဒေသခံအမျိုးသမီးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့မှ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီဖလက်ခွံမှ ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် ရင်ညွှန့်တွင် သေနတ်ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျိုးဆက်သစ်လူငယ်တာဝန်ခံက The 74 Media ကိုပြောသည်။

“သူ့အိမ်နဲ့သူထိုင်နေတဲ့သူ ဝင်မှန်တာဖြစ်ပါတယ်။ လက်နက်ကြီးထိသွားတာမဟုတ်ဘူး စက်လက်နက်ထိသွားတာ ရင်ညွှန့်ကိုဖောက်ပြီးမှန်သွားတယ်ဆိုတော့ ဘယ်လိုမှကုလို့မရဘဲ ဆေးခန်းအရောက်မှာ ဆုံးသွားတယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၆၃ နှစ်ခန့်အရွယ်ရှိ ဖောင်းကတာကျေးရွာမှ ဒေါ်တင်စန်းဆိုသူဖြစ်ပြီး အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၄၂ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ဆားလင်းကြီးသတင်းမှန်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“နှစ်ယောက်ကတော့ ဒဏ်ရာတွေဘာတွေချုပ်ရတာပဲရှိတာ။ တစ်ယောက်ကတော့ ဦးခေါင်းကို ယှက်ထိသွားတယ်။ နောက်တစ်ယောက်ကတော့ ခြေသလုံးကွဲသွားတယ်” ဟုပြောသည်။

ဒေါ်တင်စန်း၏ ရုပ်အလောင်းကို ရပ်ဝေးမှမိသားစုဝင်များ စောင့်ကာ စက်တင်ဘာ ၁၂ ရက်နေ့တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် ဖောင်းကတာကျေးရွာရှိ ဒေသခံပြည်သူတို့၏ နေအိမ် ၈၀ ကျော်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရေးလှုပ်ရှားမှုများရှိနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်အင်းအားနှင့် ငွေကြေးအင်အားလုံလောက်မှု မရှိသောကြောင့် တိုက်ပွဲဖော်ဆောင်နိုင်ခြင်းမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဆာလင်းကြီးမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က အရပ်ဝတ်ဖြင့် မြေပြင်တွင် သတင်းထောက်လှမ်းနေသော စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ