ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၄ နာရီခန့်မှစတင်ကာ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက KIA နှင့် KPDF တပ်ဖွဲ့များရှိသည်ဟု ယူဆသော ဘုရားကုန်းထိပ်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု အသက် ၂၄ နှစ်ခန့်အရွယ်ရှိ ဟောင်ပါးကျေးရွာနေအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တာမခံစာသင်ကျောင်းဘက်ကနေ လှမ်းထုနေတာ။ လက်နက်ကြီးတင်မဟုတ်ဘူး အခုအတွဲလိုက်ပါ ဆော်ချနေပြီ။ အပြန်အလှန်ပစ်နေတာမျိုးတော့ကြားနေတယ်။ အခုဒေသခံတွေ စာသင်ကျောင်းထဲမှာ ပုန်းနေတယ်” ဟုသူကပြောသည်။

လက်နက်ကြီးပစ်ခတ်သံများ ကျယ်လောင်စွာကြားနေရပြီး ဒေသခံပြည်သူအချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း တာမခံကျေးရွာနေ အသက် ၃၁ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

“ပစ်နေပြီ လက်နက်ကြီးသံတွေက တအုန်းအုန်းနဲ့ဆိုတော့ ဘယ်လိုမှနေလို့မရဘူး။ အိမ်တွေတောင်ခါတယ်။ သေနတ်သံကတော့ ရပ်လိုက်ပစ်လိုက်နဲ့ အခုထိပစ်နေတုန်း။ တောထဲဘက်ပြေးရမယ်ထင်တယ်။ (တိုက်ပွဲဖြစ်နေသောနေရာ) နီးတာပါ့ ချောင်းပဲခြားတယ် ချောင်းလည်း ကျဉ်းကျဉ်းလေးပဲ တံတားလည်းပေါက်” ဟုပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ကာ ထိုးစစ်ဆင်လာရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KPDF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“နှစ်ဖက်တိုက်ပွဲကတော့ တော်တော်လေးကိုပြင်းထန်နေတယ်လို့ပြောရမယ်။ လက်ရှိအချိန်ထိတော့ ဘယ်နှယောက်ကျတယ်ဆိုတာ မသိသေးဘူး။ အပြစ်မဲ့ပြည်သူတွေ မထိခိုက်ပါစေနဲ့လို့ပဲ ဆုတောင်းတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူမျာက ဝှေခါကျေးရွာနှင့် နတ်မှော်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိပြီး ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေသူများလည်းရှိကြောင်း ဒေသခံများထံကသိရသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဟောင်ပါးကျေးရွာမှ ဆိပ်မူကျေးရွာသို့ သွားရာလမ်းရှိ စစ်ကောင်စီ၏ ကသိုဏ်းတောင် စစ်ဆေး‌ရေးဂိတ်မှာလည်း ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း ကနဦးသိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ဖားကန့်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံခြေမြန်တပ်ရင်း (ခမရ ၁၂) စစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ကာ စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ဒေသခံပြည်သူအမျိုးသမီးတစ်ဦး ပေါင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ