ဗန်းမော်မြို့နယ်မှ ချီတက်လာသည့် စစ်ကောင်စီထောက်ပို့စစ်ယာဉ်တန်းကို KIA က ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့သဖြင့် စစ်ကားတစ်စီးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။

စစ်ယာဉ်တန်းကို ခလားယန်ကျေးရွာအနီးကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“စစ်ယာဉ်တန်းက နမ်ဆန်ယန်ဘက်ကိုလာတာ၊ ငါတို့ဘက်က လက်နက်ကြီး လက်နက်ငယ်နဲ့ဝိုင်းပစ်တာ ကားတစ်စီး ရစရာမရှိဘူးဖြစ်သွားပြီ၊ မီးလောင်သွားလို့” ဟုဆိုသည်။

စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် လိုင်ဇာအနီးတဝိုက်ရှိစစ်ကောင်စီစခန်းများနှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သည်ဟု သူက ဆိုသည်။

အဆိုပါစစ်ယာဉ်တန်းသည် စက်တင်ဘာလ ၆ ရက်နေ့တွင် ဒေါ့ဖုန်းယန်ကျေးရွာအနီးတွင်လည်း တိုက်ခိုက်ခံခဲ့ရသည်ဟု လိုင်ဇာအခြေစိုက် သတင်းဌာနတစ်ခုက ဖော်ပြသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

စစ်ကောင်စီအာဏာပိုင်များက ယခုတစ်ပတ်အတွင်း ဝိုင်းမော်မြို့နယ်အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြောင်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

ဒေါ့ဖုန်းယန်မြို့အနီး ခန်းကိုင်တောင်ကုန်းပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က စက်တင်ဘာလ (၉) ရက် ညနေပိုင်းတွင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါ့ဖုန်းယန်စာသင်ကျောင်းတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး Non-CDM ဆရာမနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် အဆိုပါနေ့တွင်ပင် ဆနီးခူးကျေးရွာအနီးသို့စစ်ကြောင်းထိုးလာပြီး ဗိုလ်မှူးမြတ်သက်ဇော်ဦးဆောင်သည့် ခြေမြန်တပ်ရင်း (၅၂၁) နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က မန်ဝိန်းကျေးရွာကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်နှင့် KIA တို့အကြား လိုင်ဇာအနီးတွင် ဇူလိူင်လမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က စစ်အင်အားထပ်မံဖြည့်တင်းလျက်ရှိနေဆဲဖြစ်သည်။

သတင်း – အခါး

ဓာတ်ပုံ – ပုံဟောင်းဖြစ်သည်

သင့်ထင်မြင်ချက်ရေးပေးပါ