ဖားကန့်မြို့ လုံးခင်းအုပ်စုတွင် ယမန်နေ့ နံနက် ၁၁ နာရီခန့်က အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ လူရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငိုးပင်းကျေးရွာ ဈေးတန်းအနီးတွင် ရုတ်တရက်စကားများရန်ဖြစ်ရာမှ အရှည်ငါးပေခန့်ရှိသော သံတိုင်ဖြင့် မသေမချင်း ရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၂ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရိုက်ထားတာတော့ ရစရာကိုမရှိဘူး သွေးတွေလည်းအိုင်နေတာပဲ။ ရုတ်တရက် စကားထများကြတာလို့ပြောတယ်။ ဘေးကလူတွေဝိုင်းဆွဲလည်း မရဘူး” ဟုသူကပြောသည်။

ပစ်မှုကျူးလွန်ခဲ့သူ ကိုလှိုင်မင်းစိုးဆိုသူမှာ မှော်ပုံကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ဆန်ခါကျေးရွာနေ အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

“ရန်ဖြစ်ရင်းလက်လွန်သွားတယ်လို့ပြောတာပဲ သူတို့ဆွေမျိုးတွေနဲ့ မီးသင်္ဂြိုဟ်ဖို့ စီစဉ်နေပြီ လူသတ်မှု ကျူးလွန်သူကိုလည်း ဖမ်းမိထားပြီးပြီ” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၃၆ နှစ်ခန့်အရွယ်ရှိ ကိုအောင်မင်းလှိုင်ဆိုသူဖြစ်ပြီး ယနေ့မွန်းလွှဲ ၁ နာရီခန့်က သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆွတ်ကြိုင်ကျေးရွာတွင်လည်း စက်တင်ဘာလ ၁ ရက်နေ့က အချင်းချင်းစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ကိုရွှေမင်းဆိုသူ သေဆုံးခဲ့သည်။

သတင်း – SK

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ