မြွေအန္တရာယ်ကြောင့် မကြာခဏ လူသေဆုံးမှုများရှိသည့် ကန့်ဘလူခရိုင်သို့ မြွေအဆိပ်ဖြေဆေးများ သယ်ယူရာတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ဖမ်းဆီးသိမ်းဆည်းနေကြောင်း သိရသည်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်များက အဆိပ်ဖြေဆေးကို ဖမ်းဆီးသိမ်းဆည်းနေသဖြင့် အချိန်မှီကုသပေးနိုင်ခြင်း မရှိသောကြောင့် သေဆုံးသူများရှိနေခြင်းဖြစ်သည်ဟု စစ်ရှောင်များကို ဆေးဝါးကုသပေးနေသူ တစ်ဦးက The 74 Media ကိုပြောသည်။

“အလွယ်တကူဝယ်လို့မရဘူး။ လမ်းကြောမှာဖမ်းမိရင်လည်း သိမ်းခံရတာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ပြီးတော့ တစ်နေရာမှာဖြစ်ပြီဆိုရင်တော့ လှည့်ပြီးသုံးရတာပေါ့။ အရင်လက သေသွားတဲ့သူတွေက ဆေးလည်းထောက်လို့မရ ဆေးလည်းကုန်တော့ မမှီလို့ပေါ့” ဟုပြောသည်။

မြွေဆိပ်ဖြေဆေးတွင် မြန်မာနိုင်ငံ BPI စက်ရုံထုတ်‌ ဆေးတစ်လုံးကို တစ်သိန်းခြောက်သောင်း၊ အိန္ဒိယနိုင်ငံထုတ် ဆေးတစ်လုံးကို သုံးသောင်းနှစ်ထောင်ခန့်ပေးရပြီး ကိုက်ခံရသော မြွေဆိပ်ပမာဏပေါ်မူတည်ကာ သုံးစွဲရသော ဆေးပမာဏလည်း ကွာခြား‌ကြောင်း သူကဆက်ပြောသည်။

“BPI တစ်လုံးဆို အိန္ဒိယက အနည်းဆုံး ရှစ်လုံးကျော်ထိုးရတယ်လေး။ အဲ့ဒါ BPI မရှိမှဘဲ သုံးကြတာ။ အဆိပ်နည်းရင်တော့ BPI သုံးလုံးလောက်ကုန်တယ် တအားများရင်တော့ ဆယ်လုံးလောက်ကုန်တယ်။ ဆေးတစ်လုံးကို တစ်ခါပဲထိုးလို့ရတယ် ပုလင်းမှာ ဆေးမှုန့်နည်းနည်းပဲပါတာ မိုးရေနဲ့စပ်ပြီး ထိုးရတယ်။ တစ်လုံးကို တစ်နာရီခြား ထိုးရတာ” ဟုပြောသည်။

ကိုးတောင်ဘို့တိုက်နယ် အလယ်ခုံကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့က မြွေကိုက်ခံရသည့် အသက် ၂၅ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကို BPI‌ မြွေဆိပ်ဖြေဆေး ခုနှစ်လုံးထိုးကာ အသက်ကယ်ခဲ့ရကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်းရှိ ကိုးတောင်ဘို့တိုက်နယ်နှင့် ချပ်သင်းတိုက်နယ်တို့တွင် မြွေပွေးကိုက်ခံရမှု အများဆုံးဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေချိန် မြွေကိုက်ခံရသဖြင့် သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်း ကန့်ဘလူမြောက်ဘက်ခြမ်းမှ သတင်းပြန်ကြားရေး ကိုကေက ပြောသည်။

“ထွက်ပြေးတိမ်းရှောင်နေတဲ့အချိန်ပဲ ကိုက်ခံရတာများတယ်။ အဲ့ဘက်က စစ်ကြောင်းထိုးတာ ပိုများတော့ ပိုကိုက်ခံရတာပေါ့။ ကိုးတောင်ဘို့တိုက်နယ်ကဆို မိန်းမပျိုတွေနဲ့ မိန်းမတွေပိုများတယ်” ဟုပြောသည်။

အဆိုပါနေရာများကို စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ ၃၆၁ က စစ်ကြောင်းထိုးနေသောကြောင့် မကြာခဏ ထွက်ပြေးတိမ်းရှောင်ရသဖြင့် နီးစပ်ရာတောထဲတွင် တဲထိုးကာနေကြပြီး ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ ထုတ်ပြန်ချက်အရ ဩဂုတ်လအတွင်း မြွေကိုက်ခံရသူ ရှစ်ဦးရှိကာ သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကန့်ဘလူမြို့နယ် ညောင်ပင်ကြီးကျေးရွာသို့ စစ်ကောင်စီကားသုံးစီးဖြင့် စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူများမှာလည်း ကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံနေရကြောင်း ပြောသည်။

သတင်း – Dureng

ဓါတ်ပုံ – ကျွန်းလှ – ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

သင့်ထင်မြင်ချက်ရေးပေးပါ