တော်လှန်ရေးတပ်ဖွဲ့များ စစ်ကောင်စီထံအလင်းဝင်သည်ဆိုသည့် ထုတ်ပြန်ချက်မှာ အမှားသာဖြစ်သဖြင့် ဂရုစိုက်ရန်မလိုကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်သည်။

ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့ နံနက်က စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် PDF တပ်ဖွဲ့ဝင်ငါးဦး လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း မျှဝေထားသောပုံမှာ လွန်ခဲ့သော ခုနှစ်လခန့်က ပုံများဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။

“ပုံဟောင်း ခုနှစ်လကျော်က မန္တလေးမှာ ကျင်းပတဲ့ပုံကို ပြန်တင်တာ။ KIA ဘက်က အလင်းဝင်တာ လုံးဝမရှိဘူး။ လော်ဘီသတင်း အချိန်ဖြုန်းခံပြီး ဂရုစိုက်စရာမလိုပါဘူး” ဟုပြောသည်။

သေနတ်သုံးလက်၊ တရုတ်လုပ် လက်ပစ်ဗုံးနှစ်လုံးနှင့်အတူ ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ လုံခြုံရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ ယမန်နေ့က အလင်းဝင်လာခြင်းဖြစ်ပြီး နယ်မြေခံတပ်မမှူးမှ ထောက်ပံ့ငွေများ ပေးအပ်ကာ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ရေးသားထားခြင်းဖြစ်သည်။

ဗန်းမော်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ရင်း (၅) နယ်မြေအတွင်း လှုပ်ရှားနေသည့် မြို့လှ KPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်ခဲ့ရာတွင်လည်း အလင်းဝင်ရောက်သွားသူမရှိကြောင်း ပြောသည်။

“(အလင်းဝင်သူ) မရှိဘူး ကျွန်တော်အာမခံတယ်။ ကျွန်တော်တို့ဆီကတော့ လုံးဝမရှိဘူး။ ကျောက်ကြီးရဲစခန်းကို တိုက်တုန်းက တစ်ယောက်ဖမ်းမိတယ်။ ပြီးရင်နဂိုကတည်းက သူတို့ဆီက ကျွန်တော်တို့ဖမ်းမိတဲ့ဟာ နှစ်ယောက်ရှိတယ်။ သုံးယောက်ကို လမ်းစရိတ်ပေးပြီးမှ သူတို့အိမ်ကို ကောင်းကောင်းမွန်မွန်ပြန်ပို့တာမျိုးတော့ရှိတယ်” ဟုပြောသည်။

မျှဝေထားသော ဓါတ်ပုံများတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်၏ ဘက်တံဆိပ်များကို တွေ့ရသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ကလည်း PDF တပ်ဖွဲ့ဝင် ငါးဦး လက်လုပ်သေနတ်တိုနှစ်လက်၊ မောင်းပြန်သေနတ်တိုတစ်လက်တို့ဖြင့် စစ်ကောင်စီထံ အလင်းဝင်ရောက်လာသည်ဟုဆိုကာ လက်ခံကြိုဆိုသည့် အခမ်းအနားကို မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ သင်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များကို လက်နက်အပ်ရန်နှင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် စစ်တပ်ပိုင် မြန်မာရုပ်သံလိုင်းနှင့် မြန်မာ့အလင်းသတင်းစာတို့တွင် ပြီးခဲ့သည့်မေလ ၉ ရက်နေ့က ဖော်ပြသည့်အပြင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ရပ်ရွာအချို့တွင် လက်ကမ်းစာစောင်များဝေခြင်း၊ ဗီနိုင်းချိတ်ဆွဲခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများအတွက် ပစ္စည်းအမျိုးအစားပေါ်မူတည်ကာ ငွေကျပ် နှစ်သိန်းမှ ၇၅ သိန်းအထိ ချီးမြင့်သွားမည်ဖြစ်ကြောင်းပါရှိပြီး ဥပဒေဘောင်းအတွင်းဝင်ရောက်ပါက လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောက်ရွက်ပေးသွားမည်ဖြစ်ကြောင်း တွေ့ရသည်။

သတင်း – Thu Ta

ဓါတ်ပုံ – မှိုင်းဝေ တယ်လီဂရမ်ချန်နယ်

သင့်ထင်မြင်ချက်ရေးပေးပါ