စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့သဖြင့် ခဏတဖြုတ်ဆုတ်ခွာခဲ့သည့် KIA တပ်စခန်းတွင် TNLA က ဝင်ရောက်နေရာယူလိုက်သဖြင့် နှစ်ဖက်စစ်ရေးနှင့်လူမျိုးရေးတင်းမာလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ KIA တပ်စခန်းကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA) က ယခုလအစောပိုင်းတွင် ဝင်ရောက်နေရာယူလိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“TNLA က ဒီအပတ် တနင်္လာလား၊ အင်္ဂါမှာလား KIA တပ်ရင်း (၉) ရဲ့ ရှေ့တန်းစခန်းကို ဝင်ပြီးနေရာယူလိုက်တယ်။ စကစကတိုက်လို့ ခဏခွာထားတဲ့နေရာကို စကစတွေ ပြန်သွားတာနဲ့ TNLA က နေရာယူလိုက်တာ” ဟုဆိုသည်။

အဆိုပါစခန်းအနီးရှိ လွယ်မောက်တောင်ပေါ်တွင် TNLA ၏ မူးယစ်ဆေးဝါးချက်သည့်စက်ရုံတည်ရှိသဖြင့် KIA ၏ရှေ့တန်းစခန်းကို ဝင်ရောက်နေရာယူလိုက်ခြင်းဖြစ်နိုင်သည်ဟု သူက ဆိုသည်။

TNLA တပ်မဟာ (၁) နေရာတွင် မူးယစ်ဆေးဝါးချက်သည့် စက်ရုံတည်ရှိသည်ဆိုသည့် ပြောဆိုချက်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် PSLF/TNLA ၏ ပြောရေးဆိုခွင့်ရှိသူကို The 74 Media က ဖုန်းခေါ်ဆိုခဲ့သော်လည်း ခေါ်ဆို၍မရခဲ့ပါ။

KIA စခန်းကို ပြန်လည်ပေးအပ်ခြင်းမရှိပါက နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“TNLA က အရင် KIA တွေရဲ့နေရာတွေ၊ ကချင်တွေရဲ့ ရွာတွေကို သူတို့ဟာဆိုပြီးလုပ်လာတာက အဆင်မပြေဘူး။ ဘယ်တုန်းကမှ သမိုင်းမရှိခဲ့တဲ့သူတွေက အခုမှသူတို့ဟာဆိုပြီး ပြောဆိုတာတွေက လူမျိုးစုနှစ်ဖက်ကြား ပဋိပက္ခကို ဖြစ်စေနိုင်တယ်” ဟုဆိုသည်။

TNLA က မဟာမိတ်ဖြစ်သည့် KIA ၏ စခန်းကို နှစ်ဖက်ညှိနှိုင်းမှုမရှိဘဲ ဝင်ရောက်နေရာယူသည်မှာ မဟာမိတ်မပီသသည့်သဘောဖြစ်သည်ဟု ကချင်ဒေသနိုင်ငံရေးလေ့လာသူတစ်ဦးက The 74 Media ကိုပြောသည်။

“TNLA က စစ်ကောင်စီနဲ့တော့ မယ်မယ်ရရတိုက်ပွဲဖြစ်တာမရှိဘဲ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နေရာတွေကို ဇွတ်ယူနေတာက ပြဿနာကို မီးခွက်ထွန်းရှာနေတာပဲ၊ TNLA အခုလုပ်နေတဲ့ပုံစံက စစ်ကောင်စီနဲ့ ပေါင်းကြံနေတာလို့ ပြောရမယ်။ စစ်ကောင်စီက ခဏဝင်တိုက်ပြတယ်။ နယ်ခံတော်လှန်ရေးတပ်တွေ ဆုတ်သွားရင် သူက နေရာဝင်ယူတာမျိုးလေ” ဟုဆိုသည်။

KIO/KIA နှင့် PSLF (ယခင် PSLO) တို့အကြား သဘောတူလက်မှတ်ရေးထိုးထားသည့် ထာဝရမဟာမိတ်စာချုပ်ကို PSLF/TNLA က ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း သူက ထောက်ပြသည်။

PSLF/TNLA သည် စစ်အာဏာရှင်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ရမည့်အစား ခြံစည်းရိုးခွထိုင်သည့် မူဝါဒကို ကိုင်စွဲထားသည်ဟု International Crisis Group (ICG) ၏ ယခုလအစောပိုင်းက ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

တအောင်အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က စစ်သင်တန်းနှင့် လက်နက်များပံ့ပိုးထောက်ပံ့ကူညီခဲ့ကာ ရှမ်းမြောက်တွင် ပြန်လည်လှုပ်ရှားခဲ့သည်။

သတင်း – ခရှီ

ဓာတ်ပုံ – ပုံဟောင်းဖြစ်သည် (Photo – Getty Images)

သင့်ထင်မြင်ချက်ရေးပေးပါ