မုံရွာမြို့နယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို ယမန်နေ့ နံနက် ၄ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကျဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကြေးမုံကျေးရွာအနီးရှိ တပ်စခန်း ဝင်ရောက်စီးနင်းခံခဲ့ရခြင်းဖြစ်ပြီး တပ်စခန်းလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု မုံရွာဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်နေရာမှ မဝင်ဘဲ အဲ့နေရာကိုတန်းသွားတာ ဒလန်ပါတယ်လို့ သတ်မှတ်ထားတယ်ပေါ့လေ။ ဒလန်ကြောင့် ဝင်စီးတာပေါ့ စခန်းလည်းမီးရှို့ခံရတယ်။ သုံးယောက်ကတော့ ပွဲချင်းပြီးသေသွားတာပေါ့ တစ်ယောက်က လွတ်မြောက်အောင်တော့ ရုန်းနိုင်ခဲ့တယ် သို့သော် ဒဏ်ရာအခြေအနေကြောင့် ပြန်ဆုံးသွားတာပေါ့” ဟုပြောသည်။

မိုးသည်းထန်စွာရွာသွန်းနေချိန် စခန်းဝင်စီးခံခဲ့ရခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားသူ သုံးဦးမှာလည်း လက်ရှိ လုံခြုံသောနေရာတွင် ဆေးကုသမှုခံယူနေကြောင်း မြေပြင်သတင်းထောက်လှမ်းနေသူ ကိုမြတ်ကိုးကပြောသည်။

“သတိတော့ထားပါတယ် မိုးလည်းအရမ်းရွာတော့ မလာနိုင်လောက်ဘူးလို့ တွက်ထားတာ။ ရန်သူကိုလျော့တွက်လိုက်တာ၊ ကျဆုံးသွားတဲ့သူတွေက ပြန်ရှင်မလာနိုင်တဲ့အတွက် အသက်ရှင်နိုင်တဲ့ သူတွေကိုပဲ ဦးစားပေးပြီးကယ်နေရတယ်” ဟုပြောသည်။

ကျဆုံးခဲ့သူများမှာ အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ရဲဘော်ပေါကြီး၊ အသက် ၂၃ နှစ်ခန့်အရွယ်ရှိ ရဲဘော်ဆန်နီနှင့် အသက် ၂၇ နှစ်ခန့်အရွယ်ရှိ ရဲဘော်ချိုကြီးတို့ဖြစ်ပြီး စီးနင်းခံရချိန် လက်လုပ်သေနတ်၊ စိန်ပြောင်းနှင့် ဗုံးသီးများ သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

ပြီခဲ့သည့်စက်တင်ဘာလ နှစ်ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ညောင်ပင်သာရပ်ကွက်တွင် တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးသွားကြောင်းသိရသည်။

မုံရွာမြို့နယ်အခြေစိုက် Area 71 PDF တပ်ဖွဲ့၏ စခန်းလည်း ပြီးခဲ့သည့် မေလ ၃၁ နေ့က ဝင်ရောက်စီးနင်းခြင်းခံခဲ့ရပြီး ငွေကျပ်သိန်း ၃၀၀ ခန့်တန်ဖိုးရှိ လက်နက်ခဲယမ်းများ သိမ်းဆည်းခံခဲ့ရကာ ယမန်နေ့ညစီးနင်းခံရသည့် စခန်းနှင့် လယ်တစ်ကွက်သာခြားကြောင်း သိရသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ