မိုးသည်းထန်စွာရွာသွန်းသောကြောင့် လမ်းဘေးဓာတ်တိုင်ကျိုးကျသဖြင့် ဖားကန့်မြို့ ဆိပ်မူအုပ်စု မှော်ရှန်ကျေးရွာတွင် ယနေ့ နံနက် ၈ နာရီခန့်က အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မောင်နှမနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါ်သို့ လမ်းဘေးရှိဓာတ်တိုင်လဲကျခဲ့သောကြောင့် ဆိုင်ကယ်မောင်းနင်သူ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာနေ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးကြမ်းတော့ တိုင်ကလှဲကျတာနဲ့ ဆိုင်ကယ်ဖြတ်သွားတာနဲ့ကွက်တိကိုကျသွားတာ။ မောင်းတဲ့သူကတော့ ပွဲချင်းပြီးဆုံးတာပဲ၊ သယ်သွားကြတာတော့ တွေ့တယ်” ဟုပြောသည်။

ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးခဲ့ကာ ဆိုက်ကယ်နောက်တွင် လိုက်ပါစီးနင်းသည့် ညီမဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း အသက် ၄၆ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောသည်။

“ကောင်လေးကတော့ ဆုံးသွားပြီ၊ တိုင်က အရှိန်နဲ့ကျိုးကျလာပြီး ပိသွားတော့ အဲ့နေရာမှာတင်ပွဲချင်းပြီး ဆုံးသွားတယ်။ ညီမဖြစ်တဲ့သူကတော့ ကံကောင်းလို့ ဘာမှမဖြစ်သွားဘူး၊ အခုအချိန်ထိ ဘယ်လူကြီးမှတာဝန်ယူဖြေရှင်းပေးတာမျိုးမရှိဘူး” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ စန်းရွှင်နတ်မှောကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ယနေ့ နံနက်က မော်ရှန်ကျေးရွာနှင့် ဘုရားကုန်းအနီးရှိ ဓာတ်တိုင်များလှဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ဖားကန့်မြို့နယ်တွင် မိုးသက်လေပြင်းကျရောက်ပြီး မိုးကြိုးပစ်ခဲ့သဖြင့် သစ်ပင်နှင့် ဓါတ်တိုင်များလှဲကျခဲ့ကာ ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာက အသက် ၃၉ နှစ်ခန့်အရွယ်ရှိ ကိုရွှေသိန်းဆိုသူနှင့် လုံးခင်းကျေးရွာအုပ်စု ဂေါက်ကွင်းအနီးရှိ ကထန်မှော်လုပ်ကွက်မြေစာပုံ ကင်းစောင့်သည့် အသက် ၄၀ ကျော်ခန့်အရွယ်ရှိ ဦးစိုင်းမောင်မြင့်ဆိုသူတို့ဖြစ်သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ