စစ်ကောင်စီအရာရှိများ လာရောက်စစ်ဆေးမည်ဖြစ်သောကြောင့် ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်နေသည့် လုပ်ကွက်များကို ပိတ်သိမ်းပြီး သစ်ကိုင်းသစ်ရွက်များဖြင့် လိုက်လံဖုံးအုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

လမ်းမှမြင်ရသောလုပ်ကွက်များကို ယာယီပိတ်ထားခိုင်းခြင်းဖြစ်ပြီး တောင်ပေါ်ရှိလုပ်ကွက်များမှာ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်ဟု အသက် ၂၆ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ပန်ဝါက သူတွေကအလုပ်သမားတွေပဲ ဦးဆောင်နေတာတွေမရှိဘူး။ လမ်းဘေးကနေကြည့်ရင်မြင်ရတဲ့ လုပ်ကွက်ကသူတွေကို ပြန်ခိုင်းတယ်။ လမ်းတွေကို သစ်ပင်တွေနဲ့ ပိတ်လိုက်တာတွေ လမ်းလျှောက်ပြီးမြင်နေရတဲ့ မြင်ကွင်းတစ်လျှောက်ဆိုရင် သစ်ပင်စိုက်ထားတာတွေ မြင်ကွင်းက အပန်းဖြေစခန်းလိုလိုနဲ့ ပြင်လိုက်ကြတာ” ဟုပြောသည်။

လာမည့် စက်တင်ဘာ ၉ ရက်နေ့တွင် စစ်ကောင်စီမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးမည်ဟု ကြားသိရသောကြောင့် လုပ်ကွက်များ ရက်နားထားခြင်းဖြစ်သည်ဟု ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“လူကြီးကလာမယ်လို့ပြောပြီးမှ စစ်ဆေးမယ်လို့ပြောလို့ သတ္ထုတူးစက်တွေရော ကောင်းကောင်းဖုံးကြ။ သတ္ထုဆိုက်တွေ ပိတ်စရာရှိတာပိတ် အဲဒီလိုမျိုးတော့ ပြေတယ်။ သူတို့လူကြီးရောက်လာပြီး ဘယ်လောက်အထိ လာစစ်ဆေးမယ်ဆိုတာတော့ မသိရသေးဘူးပေါ့” ဟုပြောသည်။

ချီဖွေမြို့နှင့် ပန်ဝါမြို့အနီးတစ်ဝိုက်ရှိ မြေရှားသတ္တုတူးဖော်သည့် လုပ်ကွက်များမှ အလုပ်သမားများကို အမြန်ပြောင်းရွှေ့ခိုင်းထားပြီး လုပ်ကွက်အတွင်းတွေ့ရှိပါက လူတစ်ဦးလျှင် တရုတ်ယွမ်ငွေ တစ်ထောင်(မြန်မာငွေ ကျပ်ငါးသိန်းကျော်) ခန့်ဒဏ်ရိုက်မည်ဟု ပြောဆိုနေကြကြောင်း သူက ဆက်ပြောသည်။

“တရုတ်တွေကိုကတော့ ဘယ်လောက်အထိလုပ်မယ် ဘယ်လိုဆိုတာတော့ မကြားမိဘူး။ အလုပ်လုပ်တဲ့သူတွေကိုကြတော့ ဆိုက်မှာတွေ့လို့ရှိရင် ဒဏ်ရိုက်မယ်ဆိုတော့ တော်တော်လေးပြန်ကြတယ်။ ဆိုင်တိုင်းနီးပါးကတော့ အဲ့လိုပြောနေကြတယ် ဘယ်သူပြောတယ်ဆိုတာတော့ သူတို့လည်း အတိအကျတော့ မသိရဘူး” ဟုပြောသည်။

မြေရှားသတ္တုရှာဖွေသည့်လုပ်ငန်းတွင် အသုံးပြုသောပစ္စည်းများ သတ္တုဖမ်းသော ရေကန်များကို သစ်ပင်၊ သစ်ကိုင်းများ မိုးကာများဖြင့် လိုက်လံဖုံးအုပ်ခိုင်းပြီး အလုပ်သမားများကိုလည်း ပြန်ခိုင်းနေကြောင်း မြေရှာသတ္တုရှာဖွေရာတွင် အလုပ်လုပ်ကိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“ရေပိုက်၊ ရေကန်၊ ရေမြောင်းတွေကို ဝါးပင်၊ သစ်ရွက်တွေနဲ့ ဖုံးခိုင်းတာ၊ မိုးကာတွေနဲ့ရောပဲ။ သူတို့ထင်တာ လူကြီးတွေက ကွင်းမဆင်းဘဲ ဒရုန်းနဲ့ပဲကြည့်မယ်လို့ ယူဆထားပုံရတယ်။ နေ့မှာဆိုတဲထဲမှာပဲ နေရတာ လုံးဝ အပြင်မထွက်ရဘူးတဲ့။ မီးခိုးလည်းထွက်လို့ မရဘူးတဲ့။ အလုပ်သမားတွေကိုလည်း ထွက်ပြေးသင့်ရင် ထွက်ပြေးရမယ်လို့ပြောတာ” ဟုပြောသည်။

မည်သည့်အချိန်တွင် လာရောက်စစ်ဆေးမည်ကိုမသိရှိရဘဲ သတင်းများထွက်ပေါ်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး လတ်တလော အလုပ်လုပ်နေသူများကိုလည်း အင်တာနက်ပေါ်တွင် မတင်ရန်ပြောထားကြောင်း သူကပြောသည်။

မြို့နှင့်အနီးပတ်ဝန်းကျင်တွင်ရှိသော လုပ်ကွက်များသာ ယာယီပိတ်ထားကာ အလုပ်သမားများကို ပြန်ခိုင်းခြင်းဖြစ်ပြီး တောင်ပေါ်တွင်ရှိသော လုပ်ကွက်များမှာ လက်ရှိအချိန်ထိ ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများသို့ မြေရှားသတ္တုတင်ပို့မှု တတိယအများဆုံးဖြစ်ပြီး ၂၀၁၇ ခုနှစ် မေလမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိ မြေရှားသတ္တုတန်ချိန် ၁၄၀,၀၀၀ ခန့် တူးဖော်ခဲ့ပြီး အန္တရာယ်ရှိသည့် ဓါတုစွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်း ၂၈၄ သန်း၊ ရေဒီယိုသတ္တုကြွ တန်ချိန် ၁၄ သန်းလည်း ထွက်ရှိခဲ့သည်ဟု The Harvard International Review သတင်းက ဖော်ပြခဲ့ကြောင်း သိရသည်။

မြေရှားသတ္တုများကို စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ (၁) ပန်ဝါပြည်သူ့စစ် ဦးဇခုန်တိန့်ယိန်းနယ်မြေတွင် တရုတ်ကုမ္ပဏီများက လာရောက်တူးဖော်နေကြခြင်းဖြစ်ပြီး လုပ်ကွက် ၃၀၀ ခန့်၊ သတ္တုရည်ကန်ပေါင်း ၂၇၀၀ ကျော်ရှိပြီး လုပ်ကွက်၏ ဧရိယာအကျယ်အဝန်းမှာ စင်္ကာပူနိုင်ငံခန့်ရှိသည်ဟု ၂၀၂၂ ခုနှစ်က ထုတ်ပြန်သည့် Global Witness အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် မြေရှားသတ္ထုပမာဏ နှစ်ဆမြင့်တက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလအတွင်း တင်ပို့ခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကျော်အထိ ရှိခဲ့ကြောင်း တရုတ်အစိုးရ အကောက်အခွန်ဌာန၏ စာရင်းများအရ သိရသည်။

သတင်း – Thu Ta, Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ