သစ်ခိုးထုတ်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယင်းမာပင်မြို့တွင် ယမန်နေ့ နံနက် ၈ နာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးသွားကြောင်းသိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် ကျောင်းကုန်းကျေးရွာသို့ ရောက်ရှိနေသော‌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နှစ်နာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ULF (မဟာမိတ်တပ်ပေါင်းစု) မှ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က The 74 Media ကိုပြောသည်။

“ရွာအနောက်ဘက်တောပြင်မှာစဖြစ်တာ တိုက်ပွဲဆိုတော့ လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်တာမျိုးတွေတော့ရှိတာပေါ့။ ခြောက်ကောင်ကတော့ လုံးဝအသက်အန္တာရယ်စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာမျိုးရရှိထားတယ်ဗျ။ အဲ့တာကတော့ ကျွန်တော်တို့ တပ်တွင်းသတင်းအရသိရပါတယ်ဗျာ” ဟုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပြီး ULF (မဟာမိတ်ပူးပေါင်းစု)တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အခြေအနေမစိုးရိမ်ရကြောင်းသူကပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကျောင်းကုန်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်ထိ ကျောင်းကုန်းကျေးရွာအနီးတွင် စစ်ရေးအခြေအနေတင်းမာလျက်ရှိပြီး စစ်ကောင်စီတပ်မှ MA (1) သေနတ်နှစ်လက်၊ MA (2) တစ်လက်၊ 5.56 ကျည် အတောင့် ၄၀၀၊ ကျည်ဘောက် ၁၇ ခု၊ Icon တစ်လုံးနှင့် ဖုန်းတစ်လုံးတို့ သိမ်းဆည်းရမိကြောင်းသိရသည်။

တိုက်ပွဲတွင် ULF(မဟာမိတ်တပ်ပေါင်းစု)မှ စစ်ကြောင်းမှူး ဗိုလ်နိုင်မင်း ဦးဆောင်ပြီး comrade Column (CC)မှ နဂါးညီနောင်တပ်ဖွဲ့(DBTF)၊ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့၊ ချိုမိုင်မိုင် တော်လှန်ရေးအင်းအားစု၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး (LPDF)၊ ဗိုလ်ထွန်းတောက် (LPDF)၊ Chindwin Myay Division PDF(တပ်ခွဲ)၊ B Two Fighters၊ Bant Two၊ Alpha Column မှတပ်ခွဲ(၁)၊ Alpha Special Force၊ ခွဲ(၂)Triple Two Task Force၊ ခွဲ(၃) childwin Galona Yarzar Gureilla၊ ခွဲ(၄) Monywa Truth Of Force၊ ခွဲ(၅) Yinmarbin Local PDF၊ KLG Column(တပ်ရင်း ၂၁၊ ၂၂၊ ၂၃) နှင့် ဒေသမဟာမိတ်တပ်ဖွဲ့များဖြစ်သော ယင်းမာပင်ခရိုင်(တပ်ရင်း ၁၊ ၂)၊ YMB Column၊ B 21 PDF(တပ်ရင်း ၁၇)၊ PDA (တပ်ရင်း ၃၅)၊ နှင့် ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့ တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ခိုးထုတ်ခဲ့သော စစ်ကောင်တပ်ဖွဲ့ဝင်များနှင့် ULF (မဟာမိတ်တပ်ပေါင်းစု) တို့ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

သတင်း – Dureng

ပုံ – ကျောက်လုံးကြီး KLG တပ်မဟာ Telegram channel

သင့်ထင်မြင်ချက်ရေးပေးပါ