တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်များ၏ အမူအကျင့်နှင့် အတွေးအခေါ်များ ဝင်လာပါက ပြတ်ပြတ်သားသား ဖယ်ထုတ်ရမည်ဟု ပြည်သူ့ခုခံတော်လှန်စစ်‌ကြေညာခြင်း (၂) ပြည့်တွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

ယနေ့ စက်တင်ဘာ (၇) ရက်နေ့တွင်ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ်‌ကြေညာခြင်း (၂) နှစ်ပြည့် မိန့်ခွန်းတွင် ယာယီသမ္မတ ဒူဝါလရှီးလက “တော်လှန်ရေးကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြသူတွေကို အထူးသတိပေးလိုတာက စစ်အာဏာရှင်ကိုဆန့်ကျင်နေပါလျက်နဲ့ ကျွန်တော်တို့ကိုယ်တိုင်က စစ်အာဏာရှင်များရဲ့ အမူအကျင့်၊ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို မလုပ်ဆောင်မိကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရှိလာရင်လည်း ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ပြတ်ပြတ်သားသား ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်” ဟုပြောသည်။

ပြည်သူကိုဝန်ဆောင်မှုပေးသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တရားရေးမဏ္ဍိုင်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်များအနေဖြင့် ပြည်သူလူထု၏ အသံကို နားစွင့်ကာ အုပ်ချုပ်ရေး ယန္တရားကိုလည်း အကောင်းဆုံးလုပ်ဆောင်ကြရန်လည်း မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

နှစ်နှစ်တာကာလအတွင်း အသက်ပေးစွန့်လွတ်ခဲ့ကြသူများ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြသူများ၊ စစ်ကောင်စီအကျဉ်းထောင်အသီးသီးတွင် ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းနေကြသူများနှင့် အာဏာဖီဆန်လုပ်ရှားမှု CDM တွင် ပါဝင်ခဲ့ကြသူများကို ဂုဏ်ပြုကြောင်း ပါဝင်သည်။

ထို့အပြင် စစ်ကောင်စီ၏ အလုံခြုံဆုံးနေရာဟု ယုံကြည်နေကြသည့် နေပြည်တော်ကိုလည်း မလုံခြုံမှုများ ခံစားရအောင် တော်လှန်ရေးရဲဘော်များက စွမ်းဆောင်ပြနိုင်နေပြီကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

စစ်ကောင်စီကလည်း နှစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၄၀၀ ကျော်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ လေးထောင်ကျော်ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲလိုအပ်ချက်များအတွက် လက်နက်ခဲယမ်းများကို ကိုယ်တိုင် ထုတ်လုပ်လာနိုင်သဖြင့် စစ်ရေးအရ အောင်မြင်မှုများ တစ်စထက်တစ်စ ပိုမိုရရှိလာနေပြီဖြစ်ကြောင်း ပြောခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် “မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ” ဟု ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် ခုခံတော်လှန်စစ်ကို စတင်ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ