စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များ တပ်စွဲထားသော လျှပ်စစ်ရုံးကို ယမန်နေ့က မင်းကင်းမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မင်းကင်းမြို့အဝင် လမ်းဆုံရှိ EPC ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ၏ တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အရင်တုန်းကတော့မရှိဘူး မြို့ကိုဝင်တော့မယ်လို့ သတင်းရရင် လာဝင်ထိုင်တာပေါ့။ အခုက ကျွန်တော်တို့က မြို့ပတ်ဝန်းကျင်တွေကို တိုက်လာတဲ့အနေအထားဆိုတော့ စိုးရိမ်ပြီးနေတာပေါ့။ နှစ်ယောက်တော့ ထိတယ်” ဟုပြောသည်။

အဆိုပါ လျှပ်စစ်ရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးနှင့် ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးခန့်ရှိပြီး ရွှေ့လျားသွားလာနေသူများဖြစ်ကြောင်း သူကပြောသည်။

Carbine M2 သေနတ်တစ်လက်၊ MA ကျည်ဘောက် ငါးခု၊ 5.56 ကျည် (၃၂၆) တောင့်၊ .30 ကျည် (၃၃၉) တောင့်၊ ဗုံးသီးတစ်လုံး၊ ဆိုင်ကယ်လေးစီးနှင့် ငွေကျပ်ခြောက်သိန်းခွဲခန့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သွားရောက်တိုက်ခိုက်ရာတွင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)၊ တပ်ရင်း၂ တပ်ခွဲ(၂)၊ တိမ်လွှာဒေါင်းမင်း (ပ.က.ဖ)၊ မင်းကင်းမြို့နယ်(ပ.က.ဖ)၊ Wolf Fighter နှင့် LDFတို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ကလည်း မင်းကင်းမြို့နယ် ကံရွာကို ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရာက်တိုက်ခိုက်ရာ ပျူစောထီးတပ်ဖွဲ့ဝင် ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းအချို့လည်း သိမ်းဆည်းရရှိခဲ့သည်။

မင်းကင်းမြို့နယ် အင်ကြင်းတောင်ကျေးရွာကိုလည်း ဇွန်လ ၁၂ ရက်နေ့က ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) တပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန် ပျူစောထီးတပ်ဖွဲ့ဝင်လေးဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကာ ဖမ်းမိခဲ့သည့် ပျူစောထီးတပ်ဖွဲ့ဝင်များကို ဩဂုတ်လ ၃၁ ရက်နေ့က ပြန်လွတ်ပေးခဲ့သည်။

 

ဓါတ်ပုံ – Student’s Revolutionary Force

သင့်ထင်မြင်ချက်ရေးပေးပါ