ကချင်ပြည်နယ် ရွှေကူမြို့ရှိ အထွေထွေအုပ်ချုပ်ရေမှူးရုံး ယနေ့ နံနက် ၁၁ နာရီခန့်က ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသောကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

အမှတ် (၄) ဘောဂဗလရပ်ကွက်ရှိ ထွေအုပ်ရုံးတွင် ဌာနဆိုင်ရာအကြီးအကဲများ အစည်းဝေးပြုလုပ်နေချိန် ဗုံးသီးရှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်ဟု မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

 

“လဝကအစည်းအဝေး ထွေအုပ်ထဲမှာလာလုပ်တာလို့ပြောတယ်။ လူကြီးတွေလည်းလာတယ်။ ရဲစခန်းက စခန်းမှူးတွေလည်း လာတယ်ပေါ့။ ၁၁ နာရီ ၅ မိနစ်မှာ ဗုံးသီး လေးလုံးနဲ့ တိုက်ခိုက်တယ်။ ပြီးတော့ ၁၁ နာရီ ၃၈ မှာ ဗုံးသီးလေးလုံးနဲ့တိုက်ခိုက်တယ်” ဟုပြောသည်။

 

ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ရုံးအတွင်းသို့ လူနာတင်ကားတစ်စီးနှင့် ရဲကားတစ်စီး ဝင်ရောက်သွားကြောင်း ကနဦးသိရပြီး ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

 

တိုက်ခိုက်ခံရသောကြောင့် ထွေအုပ်ရုံးအစည်းအဝေးခန်းမ အမိုးပွင့်ထွက်သွားခဲ့ပြီး ရုံးအတွင်းရောက်ရှိနေသည့် အသက် ၂၀ ကျော်ခန့်အရွယ် မိန်းကလေးတစ်ဦး ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

 

“အစည်းဝေးလုပ်လား မလုပ်လားတော့ မသိဘူး။ နေ့လယ်တုန်းက အကုန်လုံးဝိုင်းကြည့်နေကြတာ။ ကျနော်လည်း သွားကြည့်တော့ အဲဒီအစည်းဝေးခန်းမအပေါ်တည့်တည့်ကတော့ အမိုးကြီး ပွင့်သွားတာ။ အလုပ်လာလျှောက်တာလား ထောက်ခံစာလာယူတာလားတော့ မသိဘူး။ ကလေးမလေးတစ်ယောက်တော့ ခြေထောက်ထိသွားတယ်။ ဝန်ထမ်းတော့ မဟုတ်ဘူး” ဟုပြောသည်။

 

ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ရွှေကူမြို့မ ရဲစခန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ကလည်း အမှတ် ၃ ရပ်ကွက်ရှိ ရွှေကူမြို့မရဲစခန်းကို မြို့လှ KPDF က ဒရုန်းဖြင့် ဗုံးသုံးလုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး နှစ်လအတွင်း ဗုံး ၁၆ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီးဖြစ်သည်။

 

သတင်း – Thu Ta

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ