လေပြင်းတိုက်ခိုက်ချိန် သစ်ပင်လှဲကျခဲ့သောကြောင့် ယမန်နေ့ည ၁၀ နာရီခွဲခန့်က မိုးမောက်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

KIA တပ်စခန်းတစ်ခုတွင် လေပြင်းမုန်တိုင်းကြောင့် တဲအိမ်များ ပျက်စီးသွားပြီး သစ်ပင်လှဲကျချိန် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“တောင်ပေါ်မှာတိုက်သွားတာ လေတော်တော်ပြင်းတယ်။ အပင်တွေပါ အမြစ်ကကျွတ်ထွက်ကုန်တာ တဲတွေလည်း တော်တော်ဆိုးသွားတာ ရစရာမရှိတော့ဘူး။ သူ့(သေဆုံးသူ)ကို ဝိုင်းအော်သေးတယ်တဲ့၊ လေတွေ အရမ်းတိုက်နေလို့ဆိုပြီး တဲထဲမှာနေနေတုန်း သစ်ပင်ကျိုးကျတာ ပိသွားတာ” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၈ နှစ်ခန့်အရွယ်ရှိ ဦးလဗျလဂျာဆိုသူဖြစ်ကြောင်း မိုးမောက်မြို့နေ အသက် ၄၄ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

“လေတိုက်လို့ ပြေးတော့ ပြေးတယ်တဲ့၊ ဒါပေမဲ့ သေနတ်ပြန်ကောက်ယူတဲ့အချိန် သစ်ပင်ပိသွားတယ်လို့ပြောတယ်။ အလောင်းတောင် ဒီမနက်မှ ပြန်ထုတ်လို့ ရတာတဲ့။ သူက (သေဆုံးသူ) စစ်သားဆိုပေမဲ့ ဆေးလိပ်၊ အရက်လည်း မသောက်ဘူး” ဟုပြောသည်။

အဆိုပါဖြစ်စဉ်မှာ မိုးမောက်မြို့မှ ဆိုင်ကယ်ဖြင့် လေးနာရီကြာ သွားရသော ဝဘော်ကျေးရွာအနီး KIA တပ်စခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မိုးမောက် – ဗန်းမော်လမ်းတစ်လျှောက်တွင်လည်း ယမန်နေ့ညက လေပြင်းတိုက်ခိုက်ခဲ့သောကြောင့် သစ်ပင်လှဲကျကာ လျှပ်စစ်မီးကြိုးများ ပြတ်ကျခဲ့သောကြောင့် လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရသည်။

သတင်း – Pan Soon
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ