စစ်ကောင်စီစစ်ကြောင်းထိုးရန် ပြင်ဆင်နေသောကြောင့်ဟုဆိုကာ ယနေ့နံနက်မှစတင်ကာ မိုးမောက်မြို့ရှိ တာပိန်ချောင်းကူးတံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး အနီးပတ်ဝန်းကျင်ရှိကျေးရွာများကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

ဗန်းမော်မြို့၊ မအူပင်ကျေးရွာမှ မိုးမောက်မြို့၊ မြို့သစ်ကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းရမ်းသမ်းပစ်ခတ်နေသည်ဟု မြို့သစ်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ကြိုးတံတားမှာပိတ်ထားတယ်။ ဗန်းမော်သွားမယ့်ကားတွေ ကြိုးတံတားမှာ ပိတ်ထားလို့ ပြန်ကွေ့ခဲ့ရတယ်။ မအူပင်ဘက်ကနေ စစ်ကြောင်းတက်ခဲ့တယ်လို့ ပြောတာပဲ။ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး လက်နက်ကြီးပစ်သံတွေ ကြားနေရတယ်” ဟုပြောသည်။

ယမန်နေ့ စက်တင်ဘာ ၄ ရက် ည ၈ နာရီခန့်ကလည်း နမ်ဆန်ယန်ကျေးရွာသို့ အင်အားဖြည့်တင်းရန်သွားသည့် တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့သစ်ကျေးရွာအရောက်တွင် အော်ဟစ်ဆဲဆိုမှုများ ပြုလုပ်ကာ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဆဲဆိုပြီး တပ်မ ၈၈ ကွ အဲဒီလိုမျိုးတွေအော်သွားတာ။ မနက်ကမှ ကျွန်တော်လျှောက်ကြည့်တာ သုံးအိမ်ထိတယ်ဗျ။ တစ်အိမ်က မီးဖိုချောင်ကနေ အောက်ကိုကျတာ။ တစ်အိမ်ကတော့ TV စလောင်း ဆင်ထားတဲ့နားလေးကျတာ။ အပေါက်ကြီးကို အကြီးကြီးပဲ။”

နေအိမ်များအပြင်စစ်ရှောင်များရှိရာ ဘုန်းကြီးကျောင်းတွင်လည်း ထိမှန်ပျက်စီးမှုများရှိခဲ့ကြောင်း သူကဆက်ပြောသည်။

ဗန်းမော် – မြစ်ကြီးနားလမ်းတစ်လျောက်ရှိ ဈေးဆိုင်ခန်းများကလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့်ဟုဆိုကာ ပိတ်ထားပြီး ဒေသခံပြည်သူအချို့ကလည်း မြို့သစ်ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ဗန်းမော်မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းက မြို့သစ်ကျေးရွာမှစတင်ကာ ဒေါ့ဖုန်းယန်မြို့နယ်အထိ လမ်းတစ်လျှောက်ရှိ ပြည်သူများ၏နေအိမ်များကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ စီဟက်ကျေးရွာမှ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ကျည်ထိမှန်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ကချင်ပြည်နယ် မိုးမောက်မြို့နယ်သို့ အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး ဩဂုတ်လ ၂၈ ကလည်း စစ်အင်အားနှင့် လက်နက်ရိက္ခာများတင်ဆောင်လာသည့် ယာဉ်တန်းကို လုံခြုံရေးပေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA က မအူပင်ကျေးရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ