မိဘမဲ့ဂေဟာကမှ ကိုးတန်းကျောင်းသူတစ်ဦး သူငယ်ချင်းဖြစ်သူနှင့်အတူ အပြင်ထွက်သွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ဒူကထောင်ရပ်ကွက် နယ်မြေ (၁) ရှိ မိဘမဲ့ဂေဟာမှ အသက် (၁၉) နှစ်အရွယ်ကျောင်းသူကို အပြင်မှ မိန်းကလေးတစ်ဦးက လာရောက်ခေါ်ယူ ထွက်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် လူကုန်ကူးခံရမည်ကိုစိုးရိမ်သည်ဟု ဂေဟာတာဝန်ခံက The 74 Media ကိုပြောသည်။

“ဖုန်းဆက်ရင်လည်း မကိုင်၊ စာပို့ရင်လည်း သူ့ဆီက ဘာစာမှပြန်မပို့ဘူး။ ပြီးရင်သူ့အိပ်ရာမှာ သွားကြည့်ရင် အဝတ်အစားနဲ့အိတ်တစ်လုံးတော့ ပါသွားမယ်ထင်တယ်။ လာခေါ်တာလည်း ယောက်ျားစိတ်ဝင်နေတဲ့ပုံစံ ဟုတ်တယ်။ ပုံမှန်သောက်ရမဲ့ဆေးကုန်သွားမှာနဲ့ လူကုန်ကူးခံရမှာကိုစိုးရိမ်တယ်” ဟုပြောသည်။

ပျောက်ဆုံးနေသူမှာ အသက် (၁၉) နှစ်အရွယ် မတန်ဘောင်ခေါင်နောဆိုသူဖြစ်ကာ ဂေဟာသို့ ရောက်ရှိနေသည်မှာ (၁၂) နှစ်ခန့်ရှိပြီဖြစ်ပြီး လာရောက်ပို့ဆောင်ထားသည့် အုပ်ထိန်းသူများကိုလည်း အကြောင်းကြားထားကြောင်း သိရသည်။

မတန်ဘောင်ခေါင်နောကို အွန်လိုင်းပေါ်မှခင်မင်သည့် သူငယ်ချင်းဖြစ်သူက လာရောက်ခေါ်ယူသဖြင့် ခြေလျင်ထွက်သွားကြောင်း ဂေဟာမှတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“လိုင်းပေါ်ကပဲခင်ပြီး လာခေါ်သွားတယ်လို့ သူနဲ့အတူနေတဲ့ သူငယ်ချင်းတွေကပြောတယ်။ သူကကျောင်းလည်း တက်နေတုန်းဆိုတော့ အဆက်အသွယ်မရသွားတော့ တစ်ခုခုဖြစ်မှာစိုးရိမ်တယ်” ဟုပြောသည်။

ရဲစခန်းတွင်တိုင်ကြားပါက ငွေကုန်ကြေးကျများပြီး ထူးခြားမှုရှိမည်မဟုတ်ဟု ယူဆသောကြောင့် လူပျောက်တိုင်ကြားထားခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကလည်း ဗန်းမော်မြို့၊ ဟန်းတဲကျေးရွာတွင် နေထိုင်သော အသက် ၂၈ နှစ်ခန့်အရွယ်ရှိ မောင်သီဟအောင်ဆိုသူ နေအိမ်မှထွက်သွားပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပျောက်ဆုံးနေသူအမျိုးသမီး (ပေးပို့)

သင့်ထင်မြင်ချက်ရေးပေးပါ