မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ အိမ်ဆောက်သည့်လုပ်ငန်းခွင်တွင် စက်တင်ဘာလ (၁) ရက်နေ့က ရေနစ်သေဆုံးသည့် ကလေးနှစ်ဦး၏အမှုကို ငွေကျပ်သိန်း ၂၀၀ ဖြင့် ကျေအေးလိုက်ကြောင်း သိရသည်။

ကလေးနှစ်ဦးသေဆုံးသည့်ညနေက ငွေကျပ်ငါးသိန်းကူညီပေးမည်ဟု ကုမ္ပဏီဘက်ကပြောဆိုခဲ့သော်လည်း နှစ်ဖက်ညှိနှိုင်းမှုဖြင့် ငွေကျပ်သိန်း ၂၀၀ ဖြင့် အမှုကျေအေးလိုက်ခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက The 74 Media ကို ပြောသည်။

 

“ဖြစ်စဉ်ဖြစ်တဲ့ ညနေမှာတော့ သူတို့တာဝန်ယူပေးမယ်ဆိုတာမျိုးပြောတယ်။ အဲဒီနောက်မှာတော့ သူတို့မှာတာဝန်မရှိဘူးဆိုတာမျိုး ပြန်ပြောတာပေါ့။ သူတို့ဝင်းလည်းပိတ်ထားတယ်ဆိုတာမျိုးပေါ့။ ပြီးတော့ ကျပ်ငါးသိန်းနဲ့ အမှုအတွက်အပြီးဆိုတာမျိုးပြောတယ်။ ကျွန်တော်တို့ဘက်က လက်မခံခဲ့ဘူး၊ နှစ်ဖက်ပြေလည်အောင် ညှိနှိုင်းပြီး သိန်း ၂၀၀ နဲ့ ကျေအေးလိုက်တာပါ” ဟုဆိုသည်။

ဆောက်လုပ်ရေးကုမ္ပဏီက သေဆုံးသွားသည့် ကလေးတစ်ဦးစီအတွက် ငွေကျပ်သိန်း ၅၀ စီဖြင့် သိန်း ၁၀၀ နှင့် အိမ်ပိုင်ရှင်ဖြစ်သူကလည်း သိန်း ၁၀၀ ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

 

အိမ်ဆောက်သည့်လုပ်ငန်းခွင်တွင် ကုမ္ပဏီဘက်က ပြောဆိုခဲ့သော်လည်း လုံခြုံရေးအတွက် လုံလောက်သည့် အစီအမံများ လုပ်ဆောင်ထားခြင်း မရှိကြောင်း သူက သုံးသပ်သည်။

 

“သူတို့လုပ်ငန်းခွင်က ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေးမလုပ်ထားဘူးလို့ သုံးသပ်ရပါတယ်။ ဥပမာ စည်ပင်က ခွင့်ပြုမိန့်တွေ၊ ဘယ်နှစ်ထပ်ဆောက်မှာလဲ၊ တာဝန်ခံအင်ဂျင်နီယာဘယ်သူလဲဆိုတာတွေလည်း ကပ်ထားရမှာဖြစ်ပေမဲ့ ဒါမျိုးတွေလည်း မတွေ့ရဘူးပေါ့နော်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အစောင့်ရှိတယ်လို့ ယူဆရပေမဲ့ ဒီဘက်က ရေကန်မှာ အစောင့်မရှိလို့ ဖြစ်သွားတယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

 

အခင်းဖြစ်ပွားခဲ့သည့် ဆောက်လုပ်ရေးဆိုက်မှာ ကောင်းမြတ်ဆန်းရှိုင်း ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်သည့် လုပ်ငန်းခွင်ဖြစ်ပြီး နှစ်ဖက်ညှိနှိုင်းရာတွင် ကုမ္ပဏီဘက်က ကိုယ်စားလှယ် ငါးဦးနှင့် မိသားစုဘက်မှ ငါးဦးပါဝင်သည်ဟု သိရသည်။

 

သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦးမှာ အသက် ၉ နှစ်ကျော်နှင့် ၇ နှစ်ကျော်ခန့်အရွယ်ရှိ မလုလုအောင်နှင့် မောင်မုန်အောင်နော်ဆိုသူတို့ဖြစ်သည်။

 

သတင်း – ခရှီ

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ