မိုင်းမတော်တဆမှုကြောင့် ယနေ့ နံနက် ၉ နာရီခန့်က ယင်းမာပင်မြို့ခရိုင် တပ်ရင်း (၂၁) မှ ဒုတပ်စိတ်မှူးကျဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်း လာရာလမ်းတွင် မိုင်းထောင်နေစဉ် မတော်တဆပေါက်ကွဲခဲ့သောကြောင့် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ကျောက်လုံးကြီးပြန်ကြားရေးတာဝန်ခံ ကိုအေတီက The 74 Media ကိုပြောသည်။

“(စစ်ကောင်စီ)လာတဲ့လမ်းကြောင်းမှာ မိုင်းထောင်ရင်း မတော်တဆကွဲသွားပြီး ကျဆုံးသွားတာဗျာ” ဟုပြောသည်။

ကျဆုံးသူမှာ အသက် ၂၁ အရွယ်ခန့်ရှိ မှုံကြီး (ခေါ်) ကိုသက်ပိုင်စိုးဆိုသူဖြစ်ပြီး ယနေ့မွန်းလွှဲ ၂ နာရီခွဲခန့်က အာဇာနည်ကုန်းတွင် မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

တော်လှန်ရေးကာလအတွင်း ကိုသက်ပိုင်စိုးကဲ့သို့ အသက်ဆုံးရှုံးခဲ့ရသူများနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသည့် ရဲဘော်များစွာရှိခဲ့ပြီဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း တတ်နိုင်သောဘက်မှ တော်လှန်ရေးအတွက်ဆက်လက်ပါဝင်ကူညီပေးကြပါရန် တိုက်တွန်းလိုကြောင်း သူကဆက်ပြောသည်။

ယင်းမာပင်ခရိုင်တပ်ရင်း – ၂၁၊ တပ်ရင်း – ၂၂နှင့် တပ်ရင်း – ၂၃ တို့ဖြင့် ကျောက်လုံးကြီး KLG PDF ဟု ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကျောက်လုံးကြီး KLG PDF စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်စုစုပေါင်း ၂၅ ဦးရှိကြောင်းသိရသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ