ရွှေကူမြို့နယ်၊ အမှတ် ၃ ရပ်ကွက်ရှိ မြို့မရဲစခန်းကို ယနေ့နံနက် ၇ နာရီခန့်က မောင်းသူမဲ့ယာဉ်ငယ်ပေါ်မှ ဗုံးသုံးလုံးထက်မနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ရွှေကူမြို့မရဲစခန်းပစ်ခတ်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များက သတင်းမပေါက်ကြားစေရန် ကြိုးပမ်းလျက်ရှိပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရကြောင်း The 74 Media ကိုပြောသည်။

“ရွှေကူရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးသုံးလုံး လာချတယ်။ မြို့ထဲကရဲစခန်း။ သူတို့က နည်းနည်းလုံတယ်ဗျ။ ထိခိုက်မှုကိုက ရဲစခန်းထဲကလူတွေကိုက အုပ်(သတင်းဖုံး) ထားတာဗျ” ဟုပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေကူမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ရေလဲကျေးရွာနှင့် ဆင်တပ်ကျေးရွာများဘက်သို့ ၆၀ မမနှင့် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ကာလအတွင်း အသက်အန္တရာယ်ကျရောက်နိုင်မည်ကို သိရှိစေရန် ခြိမ်းခြောက်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မြေပုံကနေထောက်ကြည့်မယ်ဆိုရင် အလံတိုင်ဘေးနားက အမိုးအပြာရောင်နဲ့တိုက်အသစ် မျက်နှာစာအရှေ့ကို တစ်လုံးနဲ့ တိုက်ပေါ်ကိုနှစ်လုံးကျတယ်။ အဓိက တိုက်ခိုက်တာကလည်း သူတို့ထိခိုက်၊ သေစေချင်တာထက် ခြိမ်းခြောက်မှု တစ်ခုပေးတာပေါ့နော်။ သူတို့စစ်ကောင်စီထဲမှာ ဆက်ပြီးနေထိုင်နေမယ်ဆိုရင် အချိန်မရွေး သူတို့စီမှာ အသက်အန္တရာယ်ရှိတယ်ဆိုတာကို ပြချင်တာ” ဟုပြောသည်။

ယနေ့နံနက်တိုက်ခိုက်မှုကို မြို့လှ KPDF တပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေကူမြို့အတွင်း ပတ်ကင်းလှည့်လည်မှုများပြုလုပ်နေကြောင်းသိရသည်။

ရွှေကူမြို့မရဲစခန်းသည် နှစ်လအတွင်း ဗုံး ၁၆ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ရွှေကူမြို့၊ ကျောက်ကြီးကျေးရွာရှိ ရဲစခန်းကိုလည်း စက်တင်ဘာလ ၁ ရက်နေ့က မြို့လှ KPDF တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ