ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ ဒီးမော့ဆိုမြို့နယ်တွင် ကိုးနာရီကျော်ကြာ ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကြောင်း ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲကျေးရွာနှင့် ပူဖားကျေးရွာတွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်စခန်းများကို စက်တင်ဘာ ၂ ရက်နေ့ နံနက် ၅ နာရီမှစတင်ကာ တစ်ပြိုင်တည်း စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ ၂) လက်အောက်ခံ ခြေလျင်တပ်ရင်းမှ (ခ.လ.ရ ၉) မှ ဒုတပ်ရင်းမှူး ရဲလင်းနိုင်က လက်အောက်ခံတပ်သားများကို အသေခံပစ်ခိုင်းကာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီအရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့ခြင်းဖြစ်ပြီး လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ ၆၀ မမ ပြောင်းနှစ်လက်၊ RPG – 7 တစ်လက် ၊ ငါးကြင်းမြီးတစ်လက် အပါအဝင် ဆက်သွယ်ရေးစက်များနှင့် ဆက်စပ်အသုံးအဆောင်များကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးသည့်အရေအတွက်နှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ဒီးမော့ဆိုမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ဇူလိုင်လ နှောင်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကာ သေးဆူလဲနှင့် ပူဖားကျေးရွာတို့တွင်လည်း တိုက်ပွဲအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ရှောင် အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သတင်း – Thu Ta
ဓါတ်ပုံ – Progressive Karenni People Force – PKPF

သင့်ထင်မြင်ချက်ရေးပေးပါ