PDF များနှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ စစ်ကောင်စီတပ်က မိုးကောင်းမြို့ရှိ နေအိမ်တစ်လုံးနှင့် စက်သုံးဆီဆိုင်ကို ယမန်နေ့ကလာရောက်ဖျက်ဆီးသွားပြီး ဆိုင်ရှင်လင်မယားနှင့် ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းနှီးဘုရားအနောက်ဘက်ရှိ ဇင်ယော်ဆီဆိုင်ပိုင်ရှင်လင်မယားကို PDF များနှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်နှင့် ဆီပန့်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မြစ်ကြီးနားကနေပြီးတော့ စစ်ကားနှစ်စီး၊ ပြီးတော့ တွဲကားကြီးနဲ့ ဘက်ဟိုးကြီး တင်လာတာပေါ့။ တင်လာပြီးတော့ အဲ့ဒါကြီးနဲ့ဖြိုတယ်။ သူတို့အိမ်ထဲမှာလည်း မွှေနှောက်ပြီးတော့ ရှာဖွေသွားတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၂ ရက်နေ့က ဆီဆိုင်ပိုင်ရှင် ကိုမိုးကျော်နှင့် မခင်မာဆွေတို့ကို လာရောက်ဖမ်းဆီးချိန် မရှိနေသောကြောင့် ဆိုင်ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ကိုမိုးကျော်နှင့် မခင်မာဆွေတို့မှာ နေအိမ်နှင့် ဆိုင်ဖြိုချဖျက်ဆီးခံရသည့်နေ့က ဖုန်းဆက်ကာ ခြိမ်းခြောက်ခေါ်ယူခံရပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“ပန့်ဆိုင်က ကလေးတွေကိုလည်း ဖမ်းခေါ်သွားတယ်။ သူတို့လင်မယားနှစ်ယောက်ကိုလည်း ရှောင်နေတဲ့အချိန်မှာ ဖုန်းဆက်ပြီးတော့ မင်းတို့ပြေးလို့လည်း မလွတ်ဘူး၊ လာပြီးတော့ ရှင်းဆိုပြီး ခေါ်တယ်။ ခေါ်တော့ သူတို့လင်မယား နှစ်ယောက်ကလည်း လာတဲ့အချိန်မှာ သူတို့ကိုလည်း ဖမ်းသွားတယ်” ဟုပြောသည်။

 

ဈေးကုန်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပြညာအထက်တန်းကျောင်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံခဲ့ရသည့် ဩဂုတ်လ ၁၉ ရက်နေ့မှစတင်ကာ မိုးကောင်းမြို့တွင် ဖမ်းဆီးစစ်ဆေးမှုများ နေ့စဉ်ရက်ဆက် ရှိနေကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“အဖမ်းအဆီးတွေက တောက်လျှောက်ရှိနေတယ်ဗျ။ မိသွားတယ်ဆို မိသွားတဲ့သူရဲ့ ဖော်ထုတ်ချက်အရ သူနဲ့ပတ်သက်ရာ ပတ်သက်ကြောင်းလူတွေကို နေရာဘာညာ အိမ်တွေလိုက်ပြခိုင်းပြီးတော့ ခေါ်ယူစစ်ဆေးမေးမြန်း ဘာညာလုပ်တာပေါ့။ အဓိက ယောက်ျားကလေး လူငယ်တွေပေါ့ များသောအားဖြင့် မိန်းကလေးတွေဆိုရင်တော့ လွှတ်ပေးတာပေါ့” ဟုပြောသည်။

ယခင်က ဖမ်းဆီးမှုများကို မိုးကောင်းမြို့ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ ၇၄ တပ်မှ တပ်ဖွဲ့ဝင်များက ပြုလုပ်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင် ဖမ်းဆီး၊ ဖျက်ဆီးမှုများကို မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လာရောက်ပြုလုပ်သွားခြင်းဖြစ်သည်။

စစ်ကောင်တပ်သားနှစ်ဦး ပစ်သတ်ခံခဲ့ရသည့် နောက်ပိုင်း မိုးကောင်းမြို့တွင် ဖမ်းဆီးခံရသည့် ဒေသခံ ရာနှင့်ချီရှိနိုင်သည်ဟု ဒေသခံများ၏ ပြောဆိုချက်ကြောင့်သိရသော်လည်း ပြည်သူ ၃၀ ခန့်ကိုသာ အတည်ပြုနိုင်သည်။

နတ်ကြီးကုန်း ပျော်လင့်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ဦးဝဘော်ဂျိုးဆပ်တန်ဂွန်းမှာ မိသားစုဝင်များနှင့်အတူဖမ်ဆီးခံခဲ့ရပြီး စစ်ကြောရေးတွင် သတ်ဖြတ်ခံခဲ့ရသည်။

သတင်း – သုတ
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ