ဖားကန့်မြို့ဆိပ်မူကျေးရွာရှိ လျှပ်စစ်ထရမ်စဖော်မာတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည့် ရုပ်အလောင်းကို ယနေ့နံနက် ၅ နာရီခန့်က တွေ့ရှိခဲ့ကြောင်းသိရသည်။

ဆိပ်မူကျေးရွာ သင်္ခါလူမှုကူညီ‌ရေးအသင်းရုံးအနီးရှိ ဗို့အား ၂၀၀ ခန့်ရှိ လျှပ်စစ်ထရမ်စဖော်မာမှ မီးကြိုးများ ခိုးယူချိန် ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၆ နှစ်ခန့်အရွယ်ရှိ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သူခိုးတွေကလည်း လွန်ပါတယ် ခိုးစရာရှားလို့ အဲ့မီးကြိုးတန်ဖိုးက ခုလက်ရှိအဟောင်းစျေးဆို ခြောက်သောင်းလောက်တော့ရှိလိမ့်မယ်” ဟုပြောသည်။
သေဆုံးခဲ့သူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးဘဲ လူမှုကူညီရေးအသင်းက ပိုင်ရှင်မဲ့ရုပ်အလောင်းအဖြစ် မီးသင်္ဂြိုဟ်ပေးရန်စီစဉ်နေကြောင်း ကျေးရွာနေပြည်သူတစ်ဦးကပြောသည်။
“ပိုင်ရှင်တော့အခုထိမသိရသေးဘူး။ ဆေးသမားတွေပဲနေမှာပါ။ မီးသင်္ဂြိုဟ်ပေးဖို့တော့ စီစဥ်ပေးနေကြတယ်။ကြည့်ရတာ မီးလာတာနဲ့ တန်းတိုးလို့နေမှာ” ဟုပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုရှိ လျှပ်စစ်ထရမ်စဖော်မာမှ မီးကြိုးများခိုးယူခံခဲ့ရသည်။
သတင်း – SK
သင့်ထင်မြင်ချက်ရေးပေးပါ