အိမ်ဆောက်ရန်တားထားသော ရေပြည့်နေသည့်ကျင်းတွင် ယနေ့ညနေ ၄ နာရီခန့်က တပ်ကုန်းစံပြရပ်ကွက်မှ ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ကွက်တွင် အစောင့်မရှိသဖြင့် ကလေးများ ရေတွင်ပြုတ်ကျကာရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက အိမ်ဆောက်ဖို့ ဖောင်ဒေးရှင်းတူးထားတာ။ မိုးတွင်းဆိုတော့ တူးလိုက်တာ ရေတွေထွက်လာလို့ နားထားတာဟုတ်တယ်။ အစောင့်မရှိဘာမရှိဆိုတော့ ကလေးတွေက ဆော့ကစားရင်း ပြုတ်ကျတာဟုတ်တယ်” ဟုသည်။
သေဆုံးခဲ့သူမှာ အသက် ၉ နှစ်နှင့် ၁၀ နှစ်ခန့်အရွယ်ရှိ မောင်မုန်အောင်နော်နှင့် မလုလုအောင်ဆိုသူတို့ဖြစ်ကြောင်းသိရသည်။
ဆောက်လုပ်ရေးကုမ္ပဏီ၏ ပေါ့ဆမှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အင်္ဂလီကန်ဧဝံဂေလိအသင်းတော် (BCMS)၏ တာဝန်ခံဆရာအခင်ဆိုသူက The 74 Media ကိုပြောသည်။
“ကောင်းမြတ်ဆန်းရှိုင်းရဲ့ ပေါ့ဆမှုကြောင့်ဖြစ်တာလေ။ လုပ်ငန်းခွင်၌ အန္တာရာယ်ရှိသည်ဆိုပြီး စာတပ်ထားတာလည်းမရှိ အစောင့်ချထားခြင်းလည်းမရှိဆိုတော့ မသေသင့်တဲ့ ကလေးနှစ်ယောက် အသက်ဆုံးရှုံးရပြီလေ” ဟုပြောသည်။
အခင်းဖြစ်ပွားခဲ့သည့် ဆောက်လုပ်ရေးဆိုက်မှာ ကောင်းမြတ်ဆန်းရှိုင်း ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်သည့် လုပ်ငန်းခွင်ဖြစ်ကြောင်းသိရသည်။
ကလးနှစ်ဦးသေဆုံးမှုအပေါ် ဆောက်လုပ်ရေးကုမ္ပဏီဘက်မှ အပြည့်အဝတာဝန်ယူကာ ဆောင်ရွက်ပေးမည်ဟု ပြောကြောင်း သိရသည်။
သတင်း – HN
သင့်ထင်မြင်ချက်ရေးပေးပါ