တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်မိုင်းမိကာသေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ပြည်သူများ၏နေအိမ်များနှင့်အတူ မီးရှို့ပြီး အလောင်းဖျောက်ခဲ့ကြောင်း ခင်ဦးဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှစ်ဦးကို မီးသင်္ဂြိုဟ်ထားသည့် ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ခင်ဦးမြို့နယ်၊ လောင်းရှည်ကျေးရွာတွင် နေအိမ်နှင့်အတူ မီးရှို့ထားသော ဦးခေါင်းခွံနှင့် အရိုးများကို ယနေ့ နံနက် ၁၀ နာရီခန့်က နယ်မြေရှင်းလင်းရေးပြုလုပ်ချိန်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဘကြီးအောင်က The 74 Media ကိုပြောသည်။

“ရွာဝင်တဲ့အချိန် တိုက်မိုင်းမိတာ နှစ်ယောက်သေသွားတာပေါ့။ ပြည်သူတွေရဲ့အိမ်ထဲကိုထည့်ပြီး မီးသင်္ဂြိုဟ်လိုက်တာ ဦးခေါင်းခွံကျန်သေးတယ်၊ အူတွေလည်းကျန်သေးတယ် မီးတောင်အကုန်မလောင်သွားဘူး။ သေသွားတဲ့အလောင်းကို ဆွဲလာပြီး မီးထဲထည့်တဲ့အရာ သွေးကြောင်းတွေနဲ့ စစ်ဖိနပ်တွေ့လို့ စကစတပ်ဖွဲ့ဝင်ဖြစ်ကြောင်း အတည်ပြုနိုင်တာ” ဟုပြောသည်။

ရေဦးတိုင်းရင်းခြံမှ အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခင်းဦးမြို့နယ် လောင်းရှည်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သူကပြောသည်။

ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာတွင်လည်း အလောင်းထည့်ကာ မီးရှို့ခဲ့သောနေအိမ်တွင် မီးလောင်ထားသော လူဦးခေါင်းခွံ နှစ်ခုနှင့် အူများအပြင် 5.56 ကျည်ဘောင်သုံးခု၏ စပရိန်များတွေ့ရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

အဆိုပါစစ်ကြောင်းမှာ မီးရထားသံလမ်းအတိုင်း လက်ပံလှကျေးရွာအနောက်ဘက်နှင့် ရွာသန်းကျေးရွာ အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာချိန် ယနေ့နံနက်က ရွှေမု‌ဋ္ဌောဘုရားအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နာရီဝက်ခန့်ကြာ ထိတွေ့တိုက်ပွဲတပ်မံဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော ကျေးရွာတည်ရှိရာ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းရှိ ရွာခြောက်ရွာမှ ဒေသခံပြည်သူ ရှစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ မြကန်သာရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့သောကြောင့် နှစ်နှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦးနှင့် အသက် ၅၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ဖမ်းဆီးခံခဲ့ရသည်။

သတင်း – Dureng
ပုံ – ခင်းဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး FB page

သင့်ထင်မြင်ချက်ရေးပေးပါ