အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲခဲ့သော မော်တိတ်ကျေးရွာကို နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း အထိုင်ချထားသည့် နှစ်ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ABSDF တပ်ဖွဲ့ဝင်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

 

“သူတို့ (စစ်ကောင်စီတပ်) ထွက်သွားတဲ့အချိန်မှာ မော်တိတ်ကို AB တပ်က ဝင်ပြီးတော့မှ နယ်မြေရှင်းလင်းရေး လုပ်ပြီး လေးရက်သွားထိုင်တာ နှစ်ရက်ကတိုက်ပွဲဖြစ်တယ်။ အဲ့ဒီနေရာကို သူတို့က ပြန်ရချင်တဲ့အခါကျတော့ ထိုးစစ်လုပ်တာပေါ့။ အင်းတော်ကနေ လက်နက်ကြီးထုတာ တစ်ရက်ကို အလုံး ၂၀နဲ့ ၃၀ ကြားရှိတယ်” ဟုပြောသည်။

ဩဂုတ်လ ၂၇ ရက်နေ့ကစတင်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ABSDF တပ်မှ ရဲဘော်မင်းနောင် ကျဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးထက်မနည်း သေဆုံးမှုရှိသည်ဟု သိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

 

အဆိုပါကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ခွာသွားသည့် ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာ ABSDF တပ်ဖွဲ့က ဝင်ရောက်အထိုင်ချခဲ့ခြင်းဖြစ်သည်။

 

တိုက်ပွဲဖြစ်ပွားခဲ့သော မော်တိတ်ကျေးရွာနှင့် အနီးရှိကျေးရွာခြောက်ရွာမှ ဒေသခံပြည်သူ ငါးထောင်ကျော်မှာ တိုက်ပွဲများကြောင့် လွန်ခဲ့သော ခြောက်လခန့်မှစတင်တိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသောကြောင့် ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း အသက် ၆၀ ကျော်ခန့်အရွယ်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောသည်။

 

“စစ်တပ်က ရွာထဲမှာထိုင်ထားတဲ့အခါကျတော့ အဖွားတို့က ပြန်လို့မရဘူးလေ။ သူတို့ တစ်ရက်ဆုတ်သွားတဲ့အခါ အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေသွားသိမ်းတာ ဘာတစ်ခုမှကို မရှိတော့တာ။ ဘာမှကို မကျန်ဘူး။ သူတို့က အကုန်လုံး ကားနဲ့သယ်သွားကုန်တယ်။ အဲ့တာ တစ်ရက်ကလေးသယ်ခွင့်ရတာ ရွာသားတွေက ပစ္စည်းမရတဲ့အပြင် နောက်ရက်ကျတော့ သူတို့က ဝင်ပြီးမှတပ်စွဲပစ်တာပါ့” ဟုပြောသည်။

အောင်းကုန်း၊ အင်ပင်၊ နန့်သာ၊ မော်တိတ်၊ ကျွန်းတောနှင့် ရွာသာယာ စသည့်ကျေးရွာခြောက်ရွာမှ ဒေသခံများမှာ ပြီးခဲ့သည့် မတ်လမှစတင်ပြီး ရွာနှင့် မိုင် ၂၀ ကျော်ခန့်ကွာဝေးသည့် နေရာများသို့ တိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က တပ်စွဲထားချိန်တွင်လည်း ဒေသခံများကို ရွာသို့ဝင်ရောက်ခွင့်လုံးဝမပေးကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးကပြောသည်။

 

“အဲ့ဒီခြောက်ရွာကတော့ အဓိကပဲ ကျန်တဲ့ဟာတွေကတော့ ဝင်လို့၊ ထွက်လို့ရတယ်။ ဝင်လို့ရတဲ့ အချိန်ဝင်ကြတယ် ဝင်လို့မရဘူးဆိုရင်လည်း ရှောင်ကြရပြန်တာပါ့။ ဒီမော်တိတ်တို့၊ နန့်သာတို့၊ အင်ပြင်တို့ကျတော့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့အခါကျတော့ လုံးလုံးကို ရှောင်နေရတဲ့ အနေအထား ဖြစ်တာပေါ့” ဟုပြောသည်။

 

အဆိုပါ ကျေးရွာများမှာ အင်းတော် – ဗန်းမောက် ကားလမ်းမကြီးဘေးတစ်လျှောက်ရှိ ကျေးရွာများဖြစ်ပြီး အင်းတော်မြို့နှင့် ၁၀ မိုင်ကျော်ခန့်အကွာတွင်တည်ရှိကာ ကားဖြင့် မိနစ် ၃၀ ဝန်းကျင်ခန့်သွားလာရကြောင်း သိရသည်။

 

ထိုကျေးရွာများတွင် စစ်ကောင်စီ တပ်မ ၇၇ နှင့် တပ်မ ၈၈ လက်အောက်ခံတပ်ရင်းများက စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ကလည်း မော်တိတ်ကျေးရွာအနီးရှိ ကျွန်းတောကျေးရွာတွင် ABSDF တပ် နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်အချို့ ထိမှန်ပျက်စီးဆုံးရှုံးခဲ့သည်။

 

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ