မိဘများမရှိချိန် ကလေးငယ်အားခေါ်ဆောင်ကာ သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သူ အမျိုးသားကို ဝိုင်းမော်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဝိုင်းမော်မြို့၊ သာဂရ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သည့် အသက် (၄) နှစ်ကျော်အရွယ်ရှိ ကလေးငယ်တစ်ဦးကို မိဘများမရှိချိန် မုန့်ဝယ်ကျွေးမည်ဟုဆိုကာ နေအိမ်မှခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု သာဂရ ရပ်ကွက် အုပ်ချုပ်ရေးမှူးက The 74 Media ကိုပြောသည်။

“အဲဒီကလေးမလေးရဲ့ အိမ်ဘေးက သူ့(ကျူးလွန်သူ၏) အစ်မအိမ်ကို လာလည်နေကျပေါ့ဗျာ။ အမေကအလုပ်ရှိလို့ အပြင်ခဏသွားတဲ့အခါမှာ ဒီကောင်က ကလေးကို မုန့်ကျွေးမယ်ဆိုပြီးမှ ခေါ်သွားလိုက်တာ။ ညက ကျွန်တော်တို့ရှာတာမတွေ့ဘူး၊ မနက် ၅ နာရီခွဲလောက်မှ ပြန်လာပို့တာ” ဟုပြောသည်။

ကျူးလွန်ခဲ့သူ အသက် (၂၉) နှစ်ခန့်အရွယ်ရှိ ဦးလမြာဘော်က အောင်မြေ (၁) ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ (၂၈) ရက်နေ့ ညနေ (၃) နာရီခွဲခန့်က မူကြိုကျောင်းမှအပြန် နေအိမ်ရှေ့တွင် ဆော့ကစားနေသည့် ကလေးငယ်ကို အိမ်နီးနားချင်းအိမ်သို့ လာလည်လေ့ရှိသည့် ဦးလမြာဘော်က မုန့်ဝယ်ကျွေးမည်ဟုဆိုကာ လယ်တောစောင့်တဲသို့ ခေါ်ဆောင်သွားပြီး ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် မုဒိန်းမှုကျူးလွန်ခဲ့သည့် ဦးလမြာဘော်က ကလေးငယ်ကို လာခေါ်ရန် ဖခင်ဖြစ်သူထံ ဖုန်းဆက်ခဲ့သဖြင့် သွားရောက်ခေါ်ယူခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးကပြောသည်။

“(ကလေးကို) ခေါ်သွားတဲ့အချိန်မှာ သူတို့နေတဲ့နေရာရဲ့ လမ်းထောင့်က အမျိုးသမီးတွေက ကောင်းကောင်းမြင်လိုက်ရာကနေ အဲဒီလူခေါ်သွားတယ်ဆိုတာကို သိပြီးတော့မှ သူသွားတတ်တဲ့နေရာတွေ အားလုံးလိုက်ရှာကြတာ မတွေ့ဘူး။ မနက်ရောက်တဲ့အချိန်မှ သူ့အဖေကို ဖုန်းဆက်လာတယ်တဲ့ အဲ့ဒီလူက သာဂရဘုန်းကြီးကျောင်းနားမှာ လာကြိုလို့” ဟုပြောသည်။

ပျောက်ဆုံးချိန်ဝိုင်းဝန်းကူညီရှာဖွေပေးခဲ့သူများက မသင်္ကာသဖြင့် မိဘများအားပြောဆိုကာ စစ်ဆေးကြည့်ချိန် အဓမ္မပြုကျင့်ခံခဲ့ရသည်ကို သိရှိခဲ့ရကြောင်း သူကဆက်ပြောသည်။

“တစ်ညလုံးကြီးခေါ်သွားတာ ရိုးရိုးသားသားတော့မဖြစ်နိုင်ဘူး စိုးရိမ်တယ်ဆိုပြီး ကလေးကို သူ့အမေရော ဆရာမတွေရောကို အိမ်ထဲခေါ်သွားပြီးမှ ကြည့်လိုက်တဲ့အချိန် နဂို ပုံမှန်အတိုင်းမဟုတ်တော့ဘူး။ လူကြီးတွေက အဲ့ဒီလူကို ဘယ်မှာချခဲ့လဲဆို သူ့အသိအိမ်မှာဆိုတော့ တစ်ခါပြန်သွားခေါ်” ဟုပြောသည်။

ကလေးငယ်မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသော်လည်း ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိ ကျူးလွန်သူကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကာ ဝိုင်းမော်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ မှာ ၂၀၁၉ ခုနှစ် မတ်လက သမ္မတ ဦးဝင်းမြင့် လက်မှတ်ထိုးအတည်ပြု ပြင်ဆင်လိုက်ခဲ့သည့် ဥပဒေအရ အသက် ၁၂ နှစ်အောက် အမျိုးသမီးငယ်များအပေါ်ကျူးလွန်မှုမှာ သက်ငယ်မုဒိမ်းမှုတွင် အကျုံးဝင်ပြီး အနည်ဆုံးထောင်ဒဏ် အနှစ် ၂၀ မှ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်ကျခံရမည်ဟု ပြဌာန်းထားသည်။

ထောင်ဒဏ်တစ်သက်ဆိုသည်မှာ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူကို အကျဉ်းထောင်အတွင်း သေဆုံးသည်အထိ အပြစ်ဒဏ်ကျခံစေရန် ချမှတ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ဝိုင်မော်မြို့နယ် နောင်တာလောကျေးရွာတွင် အသက် လေးနှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး ဖေဖော်ဝါရီလဆန်းပိုင်းက မြစ်ကြီးနားမြို့တွင်လည်း အသက် လေးနှစ်အရွယ် ကလေးသူငယ်တစ်ဦးကို အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ