ဖားကန့်မြို့နယ်တွင် ယမန်နေ့ည ၈ နာရီခန့်က ဓားထိုးမှုထပ်မံဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ဩဂုတ်လ တစ်လအတွင်း သတ်ဖြတ်ခံရသူနှင့် ရုပ်အလောင်းပြန်လည်တွေ့ရှိသူ စုစုပေါင်း ရှစ်ဦးအထိရှိကြောင်း သိရသည်။

လုံးခင်းအုပ်စု ဆွတ်ကြိုင်ကျေးရွာရှိ အရက်ဆိုင်တွင် အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၆ နှစ်ခန့်အရွယ်ရှိ ဆွတ်ကြိုင်ကျေးရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အရက်အတူတူသောက်ရင်း စကားများကြတာ ဘာကိစ္စကြောင့်လဲတော့မသိဘူး။ အဲ့မှာ ဓားတွေနဲ့ထိုးတော့တာပဲ။ ဓားထိုးခံရတဲ့သူကတော့ အဲ့နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ ကိုရွှေမင်းဆိုသူဖြစ်ပြီး ကျူးလွန်ခဲ့သည့် ကိုမင်းမင်းဆိုသူမှာလည်း ထွက်ပြေးလွတ်မြောက်နေကြောင်း မားဆားကျေးရွာနေ အသက် ၄၈ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“ဓားနဲ့ထိုးခံရတဲ့ ဒဏ်ရာက အချက်ရေတော်တော်များတယ်။ အခုလောလောဆယ်တော့ နှစ်ဖက်အပြန်အလှန်စကားတွေများနေကြတုန်း။ သတ်သွားတဲ့ကောင်ကတော့ ရှောင်သွားပြီ။ အလောင်းကိုလည်း လူမှုကူညီရေးအဖွဲ့တွေ လာသယ်သွားကြပြီ” ဟုပြောသည်။

ကိုရွှေမင်းမှာ လည်ပင်းတွင် ဟတ်တက်ကွဲသည့် ဒဏ်ရာနှင့် ဝမ်းဗိုက်ပွင့်ထွက်ကာ အူများထွက်ကျပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကျူးလွန်သူ ကိုမင်းမင်းဆိုသူကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ကနဦးသိရသည်။

ဖားကန့်မြို့ မရှီကထောင်ကျေးရွာ ဈေးအနီးရှိ တရုတ်ဘုံကျောင်းရှေ့တွင်လည်း ယမန်နေ့ နံနက်က လည်ပင်းတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိခဲ့သည်။

မှော်ဝမ်းကြီးကျေးရွာ ဆွတ်ငန်ယန်ရပ်ကွက်တွင် သြဂုတ်လ (၂၉) ရက်နေ့ကလည်း ကွာရှင်းပြီးသော ဇနီးကို ပြန်ပေါင်းလိုသည်ဟုပြောသည့် ယောက်ျားဖြစ်သူက စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးသတ်ခဲ့သည်။

The 74 Media က ရရှိထားသော အချက်အလက်များအရ ဖားကန့်မြို့နယ်တွင် ဩဂုတ်လ တစ်လအတွင်း သတ်ဖြတ်ခံရသူနှင့် ရုပ်အလောင်းပြန်လည်တွေ့ရှိသူ စုစုပေါင်း ရှစ်ဦးအထိရှိလာပြီး မြန်မာနိုင်ငံအတွင်း လူသတ်မှု၊ လုပ်ကြံသတ်ဖြတ်မှုနှင့် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ တွေ့ရှိမှု အများဆုံးသော မြို့နယ်ဖြစ်သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ