တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က စစ်ရှောင်စခန်းများအနီးသို့ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဒီးမော့ဆိုမြို့နယ်မှ ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ပွန်းချောင်းစစ်ရှောင်စခန်းရှိ စာသင်ကျောင်းကို ယမန်နေ့ နံနက် ၇ နာရီခန့်က လာရောက်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ရှောင်တွေနဲ့ နီးတဲ့နေရာ အဲဒီနေရာမှာကြဲသွားတယ်။ လူရှိတဲ့နေဘက် ကျတဲ့တစ်လုံးက မပေါက်ကွဲလို့သာ။ ပေါက်ကွဲခဲ့ရင် မတွေးရဲစရာပေါ့” ဟုပြောသည်။

ယမန်နေ့ နံနက် ၄ နာရီခန့်ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပြည်သူတွေ ဈေးရောင်းတဲ့ နေရာနားကို ကြဲသွားတာ။ ကျနော်တို့ အနောက်ဘက်ခြမ်းက စစ်ရှောင်တွေနဲ့ အနီးစပ်ဆုံးနေရာမှာကြဲသွားတယ် လူခိုက်မှုတော့မရှိဘူး။ ဈေးရောင်းတဲ့ တဲလေးတွေတော့ တစ်လုံး၊ နှစ်လုံး ပျက်စီးသွားတယ်” ဟုပြောသည်။

သေဆုံးခဲ့သည့် ထီးဖိုးကလိုးကျေးရွာနေ အသက် ၃၇ နှစ်ခန့်အရွယ်ရှိ ဦးဘူးရယ်ဆိုသူမှာ ဘယ်ပေါင်နှင့် ညာလက်မောင်းအဆစ်တို့တွင် ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဖဲလျားကျေးရွာမှ အသက် ၂၇ နှစ်ခန့်အရွယ်ရှိ ဦးဘိုးရယ်နှင့် ဒေါခူသွဲကျေးရွာမှ အသက် ၄၆ နှစ်ခန့်အရွယ်ရှိ ဦးတော့ရယ်ဆိုသူတို့မှာ နောက်ကျောတွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး အခြေအနေမစိုးရိမ်ရကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာအုပ်စုတွင်လည်း ယမန်နေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ကရင်နီပြည်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းခန့်ရှိပြီး ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ အချက်အလက်များအရ လူဦးရေ နှစ်သိန်းခြောက်သောင်းခန့်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က စစ်ရှောင်စခန်းများကိုပါ လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာသောကြောင့် ထိုင်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူ ၉၀၀၀ ကျော်ရှိပြီး ထိုင်ငံနိုင်ငံအာဏာပိုင်များက မယ်ဟောင်ဆောင်ခရိုင်ရှိ စစ်ရှောင်စခန်းငါးခုတွင် နေရာချထားပေးကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ