တွဲကားကိုကျော်တက်သည့်ဆိုင်ကယ်တစ်စီး ခရီးသည်တင်ကားကိုတိုက်မိသောကြောင့် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က မိုးညှင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ညောင်ကိုင်းကျေးရွာ သာယာကုန်း ကုန်းတက်အကွေ့တွင် ဆိုင်ကယ်မောင်းနင်လာသူ အမျိုးသမီးက တွဲကားကိုကျော်တက်ခဲ့သည့်အရှိန်ဖြင့် ရှေ့တွင်ရှိနေသောခရီးသည်တင် (Express) ကားကိုတိုက်မိပြီး ကွန်ကရစ်လမ်းနှင့် ဆောင့်မိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မေတ္တာလေညှင်းလူမှုကူညီရေးမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“သူလမ်းအတိုင်းရှိနေတဲ့ Express ကားကိုဖင်မှာ သွားဆောင့်လိုက်တာ အနောက်မီးခွက်မှာ တွဲကားကလည်း တစ်ခါသူ့ကိုချိတ်မိတာ သူကကြားထဲမှာ ညှပ်မိသလိုဖြစ်သွားတာပေါ့လေ။ မကျော်သင့်တဲ့နေရာ သွားကျော်လိုက်မိတာပေါ့။ သေရတဲ့အကြောင်းအရင်းကတော့ ကတ္တရာလမ်းနဲ့ ဆောင့်မိလိုက်တော့ ဦးထုပ်ပါကွဲပြီး သေသွားတာပါ” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၂၃ နှစ်ခန့်အရွယ်ရှိ မချဲချဲလိုင်ဆိုသူဖြစ်ပြီး ဦးခေါင်းအတွင်းကြေဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“ကားတွေဘာတွေ ကြိတ်မိလား သေချာစမ်းတယ်လေ၊ ဆောင့်မိပြီးတော့ နှာအုံကိုရိုက်မိသွားတာ။ ခေါင်တော့မကွဲဘူး သွေးတော့ နှာခေါင်း၊ နား၊ ပါးစပ်ကထွက်တယ်။ အရှိန်နဲ့ဆောင့်မိတော့ အတွင်းကြေနဲ့သေသွားတာပေါ့” ဟုပြောသည်။

မချဲချဲလိုင်၏ ရုပ်အလောင်းကို လက်ရှိ မိုးညှင်းပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။

မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း ၁၂ ဘီးကားနှင့် ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး အသက် ခြောက်နှစ်ခန့်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်။

သတင်း – Dureng
ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ