မိုးမောက်မြို့သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့က ဒေသခံပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် စစ်ကြောင်းနှင့်အတူဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူ ၁၀ ဦးမှ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

 
ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အူထန်ယန်ကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်က လက်နက်များ ရမ်းသမ်းပစ်ခတ်ကာ စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာချိန် ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အူထန်ယန်ကျေးရွာ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
 
“တိုက်ပွဲတော့ မဖြစ်ဘူး။ သူတို့ပစ္စည်းလမ်းကြောင်းသွားမှာမို့လို့ အရှေ့ကနေ လမ်းရှင်းတဲ့ ပုံစံမျိုးပေါ့ဗျာ။ ဗမာစစ်တပ်က ဝင်ခဲ့ပြီးတော့ သေနတ်တွေနဲ့ပစ် လက်နက်ကြီးနဲ့ပစ်ပြီးရင် ရွာသားတွေလည်း ခေါ်သွားတာ” ဟုပြောသည်။
 
ဖမ်းဆီးခံခဲ့ရသူများမှ ကိုးဦးမှာ ယမန်နေ့ညနေ ၆ နာရီခန့်က ပြန်လည်လွတ်မြောက်လာသော်လည်း တစ်ဦးမှာ လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သောကြောင့် ချန်ထားခဲ့ရပြီး ယနေ့နံနက်တွင် ရုပ်အလောင်းကို သွားရောက်သယ်ယူကာ ဗန်းမော်မြို့ပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သူကဆက်ပြောသည်။
 
“လက်နက်ကြီးကျတော့ ဝပ်တဲ့ကလေးတွေက ဝပ်နေကြတာ။ ဒီဘိုးတော်ကတော့ ဇတ်ကနဲ့(ရုတ်တရက်)ဆိုတော့ မဝပ်နိုင်တော့ သွားထိတယ်။ မနက်ကျမှ ပြန်ရှာတော့တွေ့ခဲ့တယ်။ မျက်လုံးတစ်လုံးထွက်သွားတယ်။ ခြေသလုံးတွေ ပေါင်တွေအကုန်လုံး အစအနတွေ ကြေသွားတာပေါ့” ဟုပြောသည်။
 
နွမ်လန်းကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ ၄၃၈)မှ ထွက်ခွာလာသည့် အဆိုပါစစ်ကြောင်း သွားရာလမ်းတွင် ယမန်နေ့က အသက် ၂၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။
 
“အူထန်ယန် ဥက္ကဌအိမ် နည်းနည်းအောက်မှာပေါ့ လမ်းမပေါ်မှာ။ အဲ့ဒါလည်ပင်းလှီးပြီးမှ ဂျိုင်းအောက်ဘက်မှာဆို ဓားမြောင်တွေနဲ့ ထိုးပြီးမှ လမ်းမပေါ်မှာ ပစ်ထားတယ်။ ဒေါ့ဖုန်းယန်ဘက်ကလို့တော့ပြောတယ် ရွှေမှော်က ထွက်လာတဲ့ လမ်းဆုံပေါ့ ရေတွင်းနံဘေးမှာပေါ့။ အဲဒီမှာသတ်ထားတာ” ဟူပြောသည်။
 
လူဦးရေ ၁၀၀ ကျော်ခန့်ရှိသည့် အူထန်ယန်ကျေးရွာမှ ဒေသခံများမှာ စစ်ကောင်စီ၏ အန္တရာယ်ကြောင့် နွမ်လန်း ခရစ်ယာန် ဘုရားကျောင်းနှင့် တာလီ၊ မြို့သစ်စသည့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။
 
ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ဗန်းမော်မှထွက်ခွာလာသည့် စစ်ကောင်စီ၏ ယာဉ်တန်းများက မြို့သစ် ကျေးရွာမှစတင်ကာ ဒေါ့ဖုန်းယန်မြို့နယ်အထိ လမ်းတစ်လျှောက်ရှိ ပြည်သူများ၏ နေအိမ်များကို အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် စီဟက်ကျေးရွာမှ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
 
သတင်း – Thu Ta
ဓာတ်ပုံ – ပေးပို့ (လက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကိုတွေ့ရပုံ)
သင့်ထင်မြင်ချက်ရေးပေးပါ