အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) က ယမန်နေ့ ည ၈ နာရီခန့်က တပ်သားသစ် စုဆောင်းနေစဉ် ကွတ်ခိုင်မြို့နယ်မှ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။

တာမိုးညဲမြို့၊ ရပ်ကွက် (၂) ရှိ နေအိမ်တစ်ခုမှ ညီအစ်ကိုနှစ်ယောက်ကို အိမ်အတွင်း အဓမ္မဝင်ရောက်ဖမ်းဆီးချိန် MNDAA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု အသက် ၅၀ နှစ်ခန့်အရွယ် မူဆယ်မြို့နေ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ကိုးကန့်တွေ ဝင်လာပြီး တပ်သားစုဆောင်းတာ၊ အိမ်တစ်ခုမှာက တံခါးအရင်ဖွင့်ခိုင်းတယ်။ ဓါးပြထင်ပြီး အိမ်ရှင်က စကားအော်ပြောပြီး မဖွင့်ပေးတော့။ ကိုးကန့်တွေက ပစ်လိုက်တာ ညီဖြစ်သူက အိမ်ထဲမှာပဲ ဆုံးသွားတယ်။ အစ်ကိုလည်း လက်မှာ ထိသွားတယ်” ဟု ပြောသည်။

ယမန်နေ့ည တပ်သားသစ်စုဆောင်းခံရသူများတွင် မိန်းကလေးများလည်း ပါဝင်ကြောင်း သူကပြောသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

သေဆုံးခဲ့သူမှာ အသက် ၂၁ နှစ်ခန့်အရွယ်ရှိ ဦးလဖောက်ဇောင်းဒေါင်းဆိုသူဖြစ်တွင် ဘယ်ဖက်ရင်ဘတ် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး လက်တွင်ထိခိုက်ဒဏ်ရာများရရှိ အစ်ကိုဖြစ်သူမှာ တာမိုးညဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

MNDAA တပ်ဖွဲ့ဝင်တွေက ကားနှစ်စီး၊ ဆိုင်ကယ်နှစ်စီးဖြင့် ဒေသခံခြောက်ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း တာမိုးညဲမြို့နေ အသက်၇၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ည ဝင်ဖမ်းတာ လူအင်အား ဘယ်လောက်များလဲတော့ မသိဘူး။ ကားလည်း နှစ်စီး၊ ဆိုင်ကယ်လည်း နှစ်စီးနဲ့ လာပြီး ခြောက်ယောက်ဖမ်းတာ တစ်ယောက်က ထွက်ပြေးလာတယ်။ ငါးယောက်ကိုတော့ ဖမ်းခေါ်သွားတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ မန်ပိန်းကျေးရွာက အသက် ၃၉ နှစ်ခန့်အရွယ်ရှိ ဦးတူးလွမ်ဆိုသူကိုလည်း MNDAA က ဘိန်းဖြတ်ပေးမည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းသွားယူချိန်တွင် ငွေကျပ် ၃၅ သိန်းပေးခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon
ဓာတ်ပုံ – ပေးပို့
6m

 

သင့်ထင်မြင်ချက်ရေးပေးပါ